ရန်ကုန်မြို့တွင်း မိလ္လာပိုက်လိုင်းစနစ်များ အဆင့်မြှင့်တင်ရန် JICA နှင့် ပူးပေါင်းလုပ်ဆောင်နေ

ရန်ကုန်မြို့တွင်း မိလ္လာပိုက်လိုင်းစနစ်များ အဆင့်မြှင့်တင်ရန် JICA နှင့် ပူးပေါင်းလုပ်ဆောင်နေ

ဇန်နဝါရီ ၂၈ ။            ။ ရန်ကုန်မြို့တွင်း ၆မြို့နယ်ရှိ မိလ္လာပိုက်လိုင်းများကို အဆင့်မြှင့်တင်ရန်အတွက် ဂျပန်နိုင်ငံမှ JICA နှင့် ပူးပေါင်းပြီး Master Plan ရေးဆွဲလုပ်ဆောင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ရေနှင့်သန့် ရှင်းမှု) အင်ဂျင်နီယာဌာနမှ သိရသည်။

 
ရန်ကုန်မြို့တွင်း ၆မြို့နယ်ရှိ မိလ္လာပိုက်လိုင်းစနစ်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၃၀ ကတည်ဆောက်ခဲ့သည့် ဒီဇိုင်းများ ဖြစ်ပြီး လက်ရှိလူဦးရေနှင့်တိုးပွားလာမှုများကြောင့် အခက်အခဲများရှိနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ (ရေနှင့်သန့်ရှင်းမှု) အင်ဂျင်နီယာဌာန ဒုတိယဌာနမှူး ဦးသိန်းမင်း ကပြောသည်။

"Master Plan က မြို့တွင်း ၆မြို့နယ်မှာရှိတဲ့ မိလ္လာလိုင်းတွေက လွန်ခဲ့သော နှစ်ပေါင်း ၁၃ဝကလုပ်ခဲ့တဲ့ ဒီဇိုင်း တွေ ဖြစ်တဲ့အတွက် လက်ရှိလူဦးရေအတွက်ဆိုရင်နည်းနည်းအခက်အခဲရှိတယ်။ မိလ္လာပြွန်မကြီးတွေကလည်း တစ်ခါမှ မရှင်းခဲ့ရတဲ့အခါကျတော့ အဲဒီမှာပိတ်ဆို့မှုတွေရှိနိုင်တယ်။ အဲဒီတော့ စနစ်ကလည်းပြောင်းမှရတော့ မည်။ ဒါကြောင့် ၂၀၄ဝမှာရရှိမယ့်လူဦးရေကို ချိန်ပြီးတော့ ကျွန်တော်တို့က JICA နဲ့ Master Plan ကိုရေးဆွဲပြီး ပါပြီ။ မကြာခင်မှာ ODA Loan လက်မှတ်ထိုးပြီး ဆောင်ရွက်ဖို့သွားဖို့ရှိပါတယ်" ဟု ဦးသိန်းမင်း ကပြောသည်။

မိလ္လာပိုက်လိုင်းများကို အဆင့်မြှင့်တင်ခြင်းလုပ်ဆောင်မှုကို ၂၀၂၁ခုနှစ်တွင် စတင်လုပ်ရန်ခန့်မှန်းထားပြီး ၂၀၂၈ ခုနှစ်တွင် ပြီးစီးနိုင်ရန်မျှော်မှန်းထားသည်။ လက်ရှိအချိန်တွင် ODA Loan ရရှိရန် ဆွေးနွေးမှုများ လုပ်ဆောင်နေ ပြီး ODA Lone လက်မှတ်ထိုးပြီးသည်နှင့် JICA ၏လုပ်ငန်းစဉ်နည်းလမ်းများအရ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအတွက် ကုန်ကျငွေမှာ ဂျပန်​ယန်း သန်း ၅​သောင်းခန်​႔ရှိနိုင်ပြီး ODA Loan လက်မှတ်ထိုးပြီးပါက အင် တာနေရှင်နယ်တင်ဒါ၊ အင်တာနေရှင်နယ် ကန်ထရိုက်တာများကို ရွေးချယ်ခေါ်ယူသွားရန် ရှိကြောင်း သိရ သည်။

 ထို့အပြင် မိလ္လာပြွန်မရှိသည့် မြို့နယ်အချို့တွင် ကားများနှင့်သယ်ပြီး စွန့်ပစ်ရခြင်းကြောင့် အခက်အခဲများရှိ သည့်အတွက် ယင်းမြို့နယ်အချို့တွင် မိလ္လာကားများမှ စွန့်ပစ်မှုကို သန့်စင်ပေးနိုင်သည့်စက်ရုံငယ် တည် ဆောက်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly