ရွေးကောက်ပွဲ ကျင်းပဖို့ ဥရောပက ရာဇသံပေးတာကို ဗင်နီဇွဲလားသမ္မတ ပယ်ချ

ရွေးကောက်ပွဲ ကျင်းပဖို့ ဥရောပက ရာဇသံပေးတာကို ဗင်နီဇွဲလားသမ္မတ ပယ်ချ

ကရာကတ်စ်၊ ဇန်နဝါရီ ၂၈ ။              ။ ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ၀ိုင်းဂွါဒိုက စစ်တပ်အနေနဲ့ လက်ဝဲအစိုးရကို ဆန့်ကျင်ရန် မေတ္တာရပ်ခံချိန်မှာ သမ္မတ မာဒူရိုက စစ်တပ်ကို သစ္စာစောင့်သိဖို့ တိုက်တွန်းပြောဆိုလာပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ဥရောပက ရာဇသံပေးတာကိုလည်း သမ္မတ မာဒူရိုဟာ တနင်္ဂနွေနေ့မှာ ပယ်ချလိုက်ပါတယ်။

စပိန်၊ ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန်နဲ့ ဂျာမနီနိုင်ငံတို့ဟာ မာဒူရိုအနေနဲ့ ရှစ်ရက်အတွင်း ရွေးကောက်ပွဲ မကျင်းပမချင်း ဂွါဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုသွားမယ်လို့ စနေနေ့မှာ ရာဇသံပေးလိုက်တာ ဖြစ်ပါတယ်။

“ဒီရာဇသံကို ဥရောပနိုင်ငံတွေအနေနဲ့ ပြန်လည်ရုပ်သိမ်းသင့်တယ်။ ဘယ်သူမှ ကျုပ်တို့ကို ရာဇသံ ပေးလို့မရဘူး။”လို့ CNN နဲ့ အင်တာဗျူးတစ်ရပ်မှာ မာဒူရိုက ပြောပါတယ်။

“ဗင်နီဇွဲလားဟာ ဥရောပနဲ့ ပတ်သက်ဆက်ဆံမှု မရှိဘူး။ ဒီလို လာလုပ်တာဟာ လုံးလုံးကို မိုက်ရိုင်းစော်ကားတာပဲ။”လို့ ၎င်းက ပြောဆိုရင်း ဥရောပနိုင်ငံတွေရဲ့ လုပ်ရပ်က မှားယွင်းနေတယ်လို့လည်း ပြောပါတယ်။

ကာရာကတ်စ်မှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားပေါ်ပေါက်တဲ့ ကြီးမားတဲ့ အစိုးရဆန့်ကျင ်စုရုံးဆန္ဒပြမှုမှာ အတိုက်အခံ ထိန်းချုပ်ရာ အမျိုးသားလွှတ်တော်ရဲ့ ခေါင်းဆောင် အသက် ၃၅ နှစ်ရှိတဲ့ ဂွါဒိုက သူ့ကိုယ်ကို သမ္မတအဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။ မာဒူရိုရဲ့ သမ္မတအဖြစ် ဒုတိယအကြိမ် ခြောက်နှစ်သက်တမ်း ပြန်လည်ရွေးကောက်ခံရတယ်ဆိုတာဟာ အလိမ်အညာနဲ့ မှန်ကန်မှု မရှိကြောင်း ဂွါဒိုက ပြောပါတယ်။

အမေရိကန်၊ ကနေဒါနဲ့ လက်တင်အမေရိကနိုင်ငံတော်တော်များများက ၂၀၁၈ မေလ ရွေးကောက်ပွဲမှှာ ပြန်လည်ရွေးကောက်ခံရတယ်ဆိုတဲ့ မာဒူရိုက အသိအမှတ် မပြုဘဲ ဂွါဒိုကိုပဲ ကြားဖြတ်သမ္မတအဖြစ် အသိအမှတ် ပြုထားကြပါတယ်။

မာဒူရိုကိုတော့ ရုရှ၊ ဆီးရီးယား၊ တူရကီနဲ့ တရုတ်အပြင် ရေရှည်မဟာမိတ်ဖြစ်တဲ့ ကျူးဘားနဲ့ ဘိုလီးဗီးယားတို့က ထောက်ခံနေလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly