အင်တာပိုမှ ဖမ်းဝရမ်းထုတ်ထားသူ တရုတ်နိုင်ငံသားတစ်ဦး ရန်ကုန်လေဆိပ်တွင် ဖမ်းမိ

အင်တာပိုမှ ဖမ်းဝရမ်းထုတ်ထားသူ တရုတ်နိုင်ငံသားတစ်ဦး ရန်ကုန်လေဆိပ်တွင် ဖမ်းမိ

နေပြည်တော် ၊ ဇန်နဝါရီ ၂၇ ။    ။ တရုတ်နိုင်ငံ Naing Bo တရားရုံးမှ ဖမ်းဝရမ်းထုတ်ဆင့်ထားပြီး၊ အင်တာပိုလ်မှ အနီရောင် ဖမ်းဝရမ်း(Red Notice) ထုတ်ပြန်ထားသူ တရုတ်နိုင်ငံသားတစ်ဦးကို ဇန်နဝါရီလ ၂၆ရက်နေ့က ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိခဲ့သည်။ 

တရုတ်နိုင်ငံသား Mr.Liang Xiaolei (၅၆)နှစ်(ဘ) Mr.Liang Guanfu ဆိုသူကို တရုတ်နိုင်ငံ Ning Bo မြို့၊ Gao Xinရပ်ကွက် စီမံခန့်ခွဲရေးကော်မတီမှ ပေးချေသည့် မြေယာဝယ်ယူရန် ယွမ်ငွေ သိန်း ၆၀ ကျော်အား လက်ခံရယူခဲ့ကာ ၊ ဝင်ငွေခွန် ၁၀ သိန်းကျော်ပေးဆောင်ရန် ပျက်ကွက်ခဲ့မှုကြောင့် Ning Bo မြို့ တရားရုံးမှ  ဖမ်းဝရမ်းထုတ်ဆင့်ထားသူ တရားခံပြေးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် အင်တာပိုလ်မှ ၄င်းအားအနီရောင် ဖမ်းဝရမ်း (Red Notice) ထုတ်ပြန်ထားသူဖြစ်ပြီး  မြန်မာနိုင်ငံဆိုရာတရုတ်သံရုံးမှလည်း ဖမ်းဆီးနိုင်ရန် မေတ္တာရပ်ခံထားသည်။

အဆိုပါ တရုတ်နိုင်ငံသားသည် ဇန်နဝါရီ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံဟောင်ကောင်မှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထိုင်းလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါတရုတ်နိုင်ငံသားကို မင်္ဂလာဒုံမြို့မရဲစခန်းတွင် ချုပ်နှောင်ထားရှိပြီး တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly