တောင်နဝင်းပင်မရေလှောင်တမံ အက်ကြောင်းမှာ ငလျင်ကြောင့်ဟု ထုတ်ပြန်

တောင်နဝင်းပင်မရေလှောင်တမံ အက်ကြောင်းမှာ ငလျင်ကြောင့်ဟု ထုတ်ပြန်
ဓာတ်ပုံ-ပဲခူးတိုင်းအစိုးရ

ဇန်နဝါရီ ၂၆ ။           ။ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်း ပင်မရေလှောင်တမံ ထိပ်မျက်နှာပြင်တွင် အက်ကြောင်းဖြစ်ပေါ်ခဲ့မှုမှာ ပြီးခဲ့သည့်ရက်ပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်များကြောင့် ဖြစ်သည်ဟု ပဲခူးတိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်က အလျား (၁၀၀) ပေခန့် ၊ အနက် (၃) ပေခန့်၊ အကျယ် (၃) လက်မခန့်ရှိ ကန့်လန့်ဖြတ် အက်ကြောင်းတစ်ခု တောင်နဝင်းပင်မ ရေလှောင်တမံတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒီဇိုင်းပညာရှင် နှင့် ဘူမိဗေဒပညာရှင်များပါဝင်သောအဖွဲ့၊ ဂျပန်အတိုင်ပင်ခံ ပညာရှင် Mr. Mori ( ဂျပန် (ODA) ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဆည်ရေသောက်စနစ် များပြုပြင်ခြင်း၊ စီမံကိန်း) တို့က သွားရောက် စစ်ဆေးခဲ့ပြီးနောက် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သုံးသပ်ချက်အရ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ပေါက်ခေါင်းမြို့၏အရှေ့ဘက် (၁၆) မိုင် ခန့်အကွာ၌ ဗဟိုပြု၍ အင်အား (၃.၈) အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ခြင်း၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် ရေလှောင်တမံတည်ရှိရာ ပေါက်ခေါင်းမြို့၏ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ ဗဟိုပြု၍ အင်အား (၅.၁) အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ခြင်း၊ အောက်တိုဘာလ ၂၇ ရက်က ရေလှောင်တမံအနီး ဗဟိုပြု၍ အင်အား (၄.၅) အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပေါ်ခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်က ပေါက်ခေါင်းမြို့၏ အရှေ့ဘက် (၁၃) မိုင်ခန့်အကွာ၌ဗဟိုပြု၍ အင်အား (၃.၇) အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ခြင်းဖြင့် စုစုပေါင်း ငလျင် ၄ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း စိစစ်တွေ့ရှိရသောကြောင့် တမံအောက်ခြေ အုတ်မြစ်ကျောက်သားတွင် လှုပ်ရှားမှုဖြစ်ပေါ်ပြီး တမံထိပ်မျက်နှာပြင် (Crest) ၌ အက်ကြောင်း ဖြစ်ပေါ်ရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။

လက်ရှိအချိန်တွင် အက်ကြောင်းအတွင်းသို့ သဲကြမ်းများ ဖြည့်ထည့်ခြင်း လုပ်ဆောင်ခဲ့ပြီး ၂၄ နာရီအချိန်ပြည့် စောင့်ကြည့်နေကာ ယနေ့ထိ ပြောင်းလဲမှု၊ ရွေ့လျားမှု တစ်စုံတစ်ရာ မရှိကြောင်း၊ စစ်ဆေးတွေ့ရှိရပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်းပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တမံကြံ့ခိုင်မှုအခြေအနေကို ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly