ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းကို တပေါင်းလပြည့်နေ့မတိုင်မီ အပြီးဆောင်ရွက်မည်

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းကို တပေါင်းလပြည့်နေ့မတိုင်မီ အပြီးဆောင်ရွက်မည်

နေပြည်တော်၊ ဇန်နဝါရီ ၂၆ ။         ။ နေပြည်တော် ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေဆေးသင်္ကန်းတော် အသစ်ထပ်မံ ကပ်လှူ ပူဇော်ခြင်း လုပ်ငန်းများကို လာမည့် တပေါင်းလပြည့်နေ့မတိုင်မီ အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဒုတိယဖောင်းရစ်အား ရွှေစင်ရွှေပြားနှင့် လုံးတော်ပြည့် ရွှေဆေးသင်္ကန်းတော် ကပ်လှူပူဇော်ရေး အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၆ရက် နံနက် ၉းဝ၀ နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး၏ အာရုံခံတန်ဆောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဆရာတော်ဘဒ္ဒန္တဇနိန္ဒ အရှင်သူမြတ်အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်ခဲ့ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြိုတော်ဝန် ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသော ဗိုလ်မှူးကြီး မင်းနောင်၊ ဦးအောင်မြင်ထွန်း၊ ဦးအေးမောင်စိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြား ထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဒုတိယဖောင်းရစ်ဧရိယာ(၂၂၁၈)စတုရန်းပေရှိသည့်အနက် ကျန်သော ဧရိယာ(၁၈၈၈)စတုရန်းပေအား တစ်ပေပတ်လည် (၁)ကျပ်သား ရွှေစင်ရွှေပြားသင်္ကန်းတော်များကို ကပ်လှူ ပူဇော်သွားမည်ဖြစ်ပြီး ပထမဖောင်းရစ်အောက်ခြေမှ ပန်းတည်ခုံအထိ လုံးတော်ပြည့်ရွှေဆေးသင်္ကန်းတော် အသစ်ထပ်မံကပ်လှူပူဇော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ ၂၀၁၉-ခုနှစ် ၊ ဇန်နဝါရီလ(၂၄)ရက်နေ့အထိ နိုင်ငံတော်တစ်ဝန်းလုံးရှိ စေတနာရှင်အလှူရှင်(၈၀)ဦးမှ ရွှေစင်ရွှေပြား (၂၀၁)ချပ်အတွက် ထည့်ဝင်လှူဒါန်းငွေ ကျပ် တစ်ထောင့်ရှစ်ရာကိုးသိန်း နှင့် ငွေသားသက်သက် အလှူငွေကျပ် တစ်ရာခုနစ်ဆယ့်နှစ်သိန်း ခြောက် ထောင်သုံးရာ ခုနစ်ဆယ်ရှစ် တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 ဓာတ်ပုံ- နေပြည်တော်စည်ပင်သာယာရေးကော်မတီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly