တာဝန်ရှိသူတွေ သတိထားပေးရမည့် ကုန်စျေးနှုန်း ကိစ္စ

တာဝန်ရှိသူတွေ သတိထားပေးရမည့် ကုန်စျေးနှုန်း ကိစ္စ

ရွေးကောက်ပွဲကျင်းပရန် ရက် ၄၀ နီးပါး အလိုတွင် ပြည်သူတွေက ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေ၊ မဲစာရင်း အမှားအယွင်းတွေ စသည့် စသည့် ရွေးကောက်ပွဲနှင့် နှီးနွှယ်သည့် သတင်း များအပေါ် အာရုံ ကျနေကြသည်။

အစိုးရ ဝန်ထမ်းတွေ လစာတိုးရရှိသည်မှာ မကြာသေးသကဲ့သို့ အနည်းဆုံး လုပ်ခ ကျပ် ၃,၆၀၀ သတ်မှတ်သည်ကလည်း တလောလေးကသာ ဖြစ်သည်။ ကုမ္ပဏီကြီးအချို့၊ အထူးသဖြင့် ပုဂ္ဂလိက ဘဏ်ကြီးများက သူ့ဝန်ထမ်းတွေကို အစိုးရဝန်ထမ်း များ လစာတိုးပေးပြီး မရှေးမနှောင်း ထိုက်သင့်သလို တိုးပေးကြသည်။

သို့ရာတွင် ပုဂ္ဂလိက ကုမ္ပဏီနှင့် လုပ်ငန်းကြီးအများစုမှ ဝန်ထမ်းများ၊ စတိုးဆိုင် ဈေးဆိုင်ကဲ့သို့ လုပ်ငန်းများမှ အလုပ်သမား ဝန်ထမ်းများမှာမူ လစာတိုးမြင့် ခံစားရမှု မရှိကြချေ။ ဤသို့သော အခြေအနေ တွင်နိုင်ငံအနှံ့အပြား၌ ရေကြီး၊ ရေလျှံ မြေပြိုမှုများ ဖြစ်ပွားကာ လူအ များအပြား သေဆုံးမှု၊ လူနေအိမ်ခြေများစွာ ပျက်စီးဆုံးရှုံးမှုများအပြင် လယ်ယာကိုင်းကျွန်းများ ပျက်စီး မှုများလည်း ကြုံရတော့သည်။

သို့ဖြင့် ရှေ့ပိုင်း၌ ကုန်ဈေးနှုန်း၊ အထူးအားဖြင့် ဆန်ဈေးနှုန်းကို ဆန်ကုန်သည်ကြီးများက ဝင်ထိန်းပေးထား၍ ဈေးတည်ငြိမ်သည့်နှယ် ဖြစ်ခဲ့သော်လည်း တစ်စတစ်စဖြင့် အထွေထွေ ကုန်ဈေး နှုန်းများ လှုပ်ခတ်မြင့်တက်လာခဲ့သည်။ သိသာသည်မှာ ဆန်ဈေး၊ ဆီဈေးဖြစ်ပြီး ကျန်စားကုန်များလည်း အလားတူ မြင့်တက်လာခဲ့ ကြသည်။

ဈေးကွက်၌ တစ်ပြည် ကျပ် ၈၀၀ ခန့် ရှိခဲ့သည့် ဇီယာဆန်က ကျပ် ၁,၀၀၀ ကျော်သွားသည်။ တစ်ပြည် ကျပ် ၁,၄၀၀၊ ၁,၅၀၀ စသည့် ဆန်ဈေးများ ဈေးက ကျပ် ၁,၈၀၀ မှ ကျပ်နှစ်ထောင်ကျော်တွေရောက် သွားသည်။ ဆီဈေးလည်း အလားတူ ထိုးတက်သည်။ ကျပ် ၄,၀၀၀ တန်ဆီက ကျပ် ၆,၀၀၀ ဖြစ်ကုန် သည်။ အရောအနှောဆီများ ရှိသေးသည်။

ကန်စွန်းရွက်တစ်စီး ကျပ် ၂၀၀ ကနေ ၃၀၀ ဖြစ်သွားရာ အထွေထွေကုန်ဈေးနှုန်းများ ထိုးတက် သည့် ပျမ်းမျှ ရာခိုင်နှုန်းမှာ အနိမ့်ဆုံး ၅၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ လစာတိုးရထားသူများက “ပေးကားပေး၏ မရ” ဆိုသကဲ့သို့ ဖြစ်ရသည်။ လစာတိုး မရသူ များအဖို့ကား ဆိုဖွယ်ရာ မရှိတော့ချေ။ သို့တိုင် လစာ အထိုက်အလျောက် ရထားသူတို့က အသား ဟင်း လျှော့စားပြီး အခြားအသုံးစရိတ်များ ချွေတာ၍ စားကုန်ကို ခြိုးခြံစားနိုင်ကြသေးသည်။

မူလကတည်းက အစားအသောက်ကို အာဟာရပြည့်ဝ တန်းမီအောင် မစားနိုင်ကြသည့်၊ လူများစုလည်း ဖြစ်ကြသည့် အခြေခံ လူတန်းစားတို့မှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပို၍ ပို၍ ခံစားနေကြရသည်။
လက်တလောတွင် ဆိုခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ အထွေထွေ အခြေအနေများက အုပ်စီး ထားသည့်နှယ် ဖြစ်နေသော်လည်း ယင်းကုန်ဈေးနှုန်းအခြေအနေမှာမူ “မီးခဲ ပြာဖုံး” သကဲ့သို့ တအုံ့နွေးနွေး အခြေအနေကြီး ဖြစ်သည်။

ဒေါ်လာဈေးတက်သည့် ကိစ္စ၊ ရွှေဈေး ရှစ်သိန်းနီးပါးဖြစ်သည့်ကိစ္စတို့က အခြေခံလူတန်းစား များနှင့် မသက်ဆိုင်ဟု ယူဆ၍ မရချေ။ ယင်းက ငွေကြေးဖောင်းပွမှုကို ဖြစ်စေခြင်းကြောင့် ဆင်းရဲ သားတို့၏ လက်ထဲမှ ကျပ် ၃၀၀ သည် ကန်စွန်းရွက်တစ်စီးပင် မရတော့လျှင်၊ ကျပ် ၁၀၀ သည်လည်း ကောက်ညှင်းပေါင်းတစ်ထုပ်မှ ဝယ်မရတော့လျှင် အခြေခံ လူတန်းစားတို့ မည်သို့ ခံစားကြရမည်ကို တွက်ဆနိုင် ကြမည်ဟု ယူဆမိသည်။

သို့ဆိုလျှင် ထိုအခြေအနေကြီးက လျစ်လျှူရှုထားသင့်သည့် အခြေအနေ မဟုတ်ချေ။ အချိန်မီ ကုစားဖို့ အထူးလိုနေသည်။ အထူးသဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲနီး ကာလမျိုးတွင် သာ၍ သာ၍ လိုအပ် သည်။

မသိ၍လော၊ “မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ” သဘောထား၍လော မပြောတတ်ပြီ။ ယခုကဲ့သို့ ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများကို မဖြေရှင်းပါက “အမှိုက်ကစ၊ ပြာသာဒ်မီးလောင်” မည့် အရေးကို ရင်လေးလှပါကြောင်း မီးမောင်းထိုးပြလိုလှသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags