အစိုးရယန္တရား တန့်ရပ်မှု အဆုံးသတ်ရေးအတွက် သဘောတူလိုက်ပေမယ့် နယ်ခြားတံတိုင်းအတွက် ထရမ့်က ခြိမ်းခြောက်ဆဲဖြစ်

အစိုးရယန္တရား တန့်ရပ်မှု အဆုံးသတ်ရေးအတွက် သဘောတူလိုက်ပေမယ့် နယ်ခြားတံတိုင်းအတွက် ထရမ့်က ခြိမ်းခြောက်ဆဲဖြစ်
Photo: AFP

၀ါရှင်တန်၊ ဇန်နဝါရီ ၂၆ ။    ။ အမေရိကန် အစိုရယန္တရား တစ်စိတ်တစ်ဒေသ ရပ်တန့််တာကြောင့် ပိတ်ထားရတဲ့ တစ်ချို့သော အစိုးရလုပ်ငန်းဌာနတွေ ပြန်လည်ဖွင့်လှှစ်နိုင်ရေးအတွက် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်တွေနဲ့ အစိုးရ အသုံးစရိတ်တစ်ရပ်ကို သောကြာနေ့မှာ သဘောတူလိုက်ပါတယ်။

ဒါပေမယ့် မက္ကဆီကိုနဲ့ နယ်ခြားတံတိုင်း ကာရံရေးအတွက် ကွန်ဂရက်လွှတ်တော်ကနေ ရန်ပုံငွေ ခွင့်မပြုဘူးဆိုရင်တော့ နောက်ထပ် အစိုးရယန္တရား တန့်ရပ်မှု ထပ်ဖြစ်မှာ ဒါမှမဟုတ် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာရတာမျိုး ထပ်ဖြစ်လာလိမ့်မယ်လို့ ထရမ့်က ခြိမ်းခြောက်ပြောဆိုပါတယ်။

အဆိုပါ တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေ ထည့်သွင်းတောင်းဆိုထားတဲ့ အစိုးရအသုံးစရိတ်ကို လွှတ်တော်မှာ အတည်မပြုနိုင်တာကြောင့် အစိုးရလုပ်ငန်းဌာနအချို့ ပိတ်ထားခဲ့ရတာဟာ သီတင်းသုံးပတ်မက ရှိနေခဲ့တာပါ။

ဒီလို အစိုးရယန္တရား တန့်ရပ်နေမှု အဆုံးသတ်ရေးအတွက် အသုံးစရိတ်တစ်ရပ်ကို ထရမ့်က သဘောတူလိုက်ပြီးနောက်မှာ ဆီးနိတ်မှာ အဲဒီ အသုံးစရိတ်ကို သောကြာနေ့မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရက်အကြီးတန်းအမတ်တစ်ဦးက ထရမ့်အနေနဲ့ ခုလို အစိုးရယန္တရား တန့်ရပ်မှု ဖြစ်ရတာကနေ သင်ခန်းစာယူနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒါပေမယ့် သမ္မတ ထရမ့်ကတော့ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှု အဓိက ကတိဖြစ်တဲ့ အမေရိကန််-မက္ကဆီကို တံတိုင်းကာရံရေး ရန်ပုံငွေအတွက် ဆက်လက်တောင်းဆိုနေဆဲ ဖြစ်ပါတယ်။ လာမယ့်လမှာ ကွန်ဂရက်လွှတ်တော်က တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေကို အတည်မပြုပေးရင် နောက်ထပ် အစိုးရယန္တရား တန့််ရပ်မှု ဖြစ်မှာ ဒါမှမဟုတ် တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေကို အတည်ပြုလာအောင် အရေးပေါ် အခြေအနေ ကြေညာရတာတွေ ဖြစ်လာမယ်လို့ ခြိမ်းခြောက်ပြောလာတာလည်း ဖြစ်ပါတယ်။

“ကွန်ဂရက်ကနေ မျှတတဲ့ သဘောတူညီမှု မရခဲ့ဘူးဆိုရင်တော့ ဖေဖော်ဝါရီ ၁၅ ရက်မှာ အစိုးရယန္တရား တန့်ရပ်မှု ထပ်ဖြစ်မှာ ဒါမှမဟုတ်လည်း အမေရိကန်ရဲ့ ဖွဲ့စည်းပုံဥပဒေအရ အရေးပေါ် အခြေအနေ ကြေညာဖို့ အာဏာသုံးရမှာတွေ ဖြစ်လာမယ်။”လို့ ထရမ့်က အိမ်ဖြူတော်နှင်းဆီဥယျာဉ်မှာ မိန့်ခွန်းပြောကြားမှုတစ်ရပ်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly