ကျောက်မဲတွင် တရားမဝင် သယ်ဆောင်လာသော တမလန်းနှင့် ပိတောက်သစ်များ ဖမ်းမိ

ကျောက်မဲတွင် တရားမဝင် သယ်ဆောင်လာသော တမလန်းနှင့် ပိတောက်သစ်များ ဖမ်းမိ
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဇန်နဝါရီလ ၂၅ ။             ။ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် Royal Saloon Crown အဖြူရောင်ယာဉ်ဖြင့် တရားမဝင်သယ်ဆောင်လာသော တမလန်းနှင့် ပိတောက်သစ်များကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ သစ်များကို ဇန်နဝါရီလ ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အိုရီယမ်တယ် တိုးဂိတ်အနီးတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ ပိတ်ဆို့ရှာဖွေရှာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၂၅ ရက်၊ ညနေပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

မန္တလေးဘက်မှ လားရှိုးဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်သော အသက် ၃၁ နှစ်အရွယ်ရှိ ကျော်နိုင်ထွန်းဆိုသူ မောင်းနှင်လာသည့် Royal Saloon Crown အဖြူရောင်ယာဉ်ပေါ်မှ တရား မဝင် သယ်ဆောင်လာသည့် တမလန်းသစ်ဓားရွေတုံး ၂၂ တုံး၊ ၀ ဒသမ ၇၂၆၂ တန်နှင့် ပိတောက်သစ် ဓားရွေတုံး ၂ တုံး၊ ၀ ဒသမ ၇၅၆၂ တန်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ သစ်များ၏ ပိုင်ရှင်ဖြစ်သူမှာ ပြည်ကြီးတံခွန်မြို့နယ်နေ ဦးခင်မောင်သန်း(စိစစ်ဆဲ)ဖြစ်ကြောင်း သိရှိရ သောကြောင့် တိုင်တန်းချက်အရ ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၄၈/၂ဝ၁၉၊ သစ်တောဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly