သူငယ်ချင်းကို သတ်ပြီး အပိုင်းပိုင်း ခုတ်ထစ် အလောင်းဖျောက်မှု အိန္ဒိယမှာ ဖြစ်ပွား

သူငယ်ချင်းကို သတ်ပြီး အပိုင်းပိုင်း ခုတ်ထစ် အလောင်းဖျောက်မှု အိန္ဒိယမှာ ဖြစ်ပွား

ဇန်နဝါရီ ၂၅ ။              ။ အိန္ဒိယနိုင်ငံမှာ သူငယ်ချင်း အရင်းခေါက်ခေါက်အား သတ်ဖြတ်ပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ထစ်ကာ ပိပိရိရိ အလောင်းဖျောက်ထားခဲ့တဲ့ အမျိုးသားတစ်ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

၎င်း အမျိုးသားကတော့ လူသတ်ပြီး ပိုင်းထစ်ခုတ်ဖြတ်ထားတဲ့ အပိုင်းအစတွေကို အိမ်သာ ကမုတ်ခွက်ထဲ ထည့် ရေဆွဲချကာ ဖျောက်ဖျက်ထားခဲ့တာကို စစ်ဆေးတွေ့ရှိရကြောင်း အိန္ဒိယရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မွမ်ဘိုင်းမြို့ရှိ Bachraj Paradise Society တိုက်ခန်းအိမ်ယာမှာ နေထိုင်ကြသူတွေဟာ ၎င်းတို့တွေရဲ့ ရေမြောင်းတွေမှာ အသားစတွေနဲ့ ပိတ်ဆို့နေတာကို တွေ့ရှိခဲ့ရာကနေ ယင်း ထိတ်လန့်စက်ဆုပ်ဖွယ်ရာ လူသတ်အလောင်းဖျောက်ထားမှုကို စတင်ခြေရာခံမိခဲ့တာဖြစ်ပါတယ်။

" အဲဒီ မသင်္ကာစရာ အသားအပိုင်းအစတွေကို ကျွန်တော်တို့ ဆန်ခါစစ်ထုတ်လိုက်တော့ လူ့ လက်ချောင်းနှစ်ချောင်းကို တွေ့ခဲ့လို့ ဒါ လူတစ်ယောက်ရဲ့ အသားတွေပဲ ဆိုတာကို သိလိုက်ရတာပါ" လို့ ရဲ အရာရှိ ဂျယန့် ဘာဘယ်လီက အေအက်ဖ်ပီကို ပြောပါတယ်။

ယင်းနောက် ညှီစို့စို့ အနံ့တစ်ခု ရခဲ့ပြီး ယင်း အိမ်ယာက တိုက်ခန်းတစ်ခန်းထဲကို ရဲတွေ ဝင်ရောက်ရှာဖွေရာမှာတော့ အလောင်း ခုတ်ထစ်ခဲ့ရာမှာ သုံးခဲ့တယ်လို့ ယုံကြည်ရတဲ့ လွှစက်တစ်ခုကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက်မှာတော့ အဆိုပါ တိုက်ခန်းမှာ နေထိုင်တဲ့ အမျိုးသား အပြင်ကနေ ပြန်လာချိန်မှာပဲ ရဲတွေက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဖမ်းမိခဲ့တဲ့ ၎င်းအမျိုးသားကတော့ အသက် ၄၀ အရွယ် ရှိပြီး ၎င်းက ယခုအမှုကို ကျူးလွန်ခဲ့တယ်လို့လည်း အမှန်အတိုင်း ဝန်ခံသွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ ၎င်းရဲ့ သူငယ်ချင်းဖြစ်သူနဲ့ စကားများရာကနေ ဒေါသထွက်ပြီး သတ်မိခဲ့တယ်လို့ ၎င်း တရားခံအမျိုးသားက ဝန်ခံသွားပါတယ်။

ယင်းနောက် အလောင်းကို ခုတ်ထစ်ပိုင်းဖြတ်ပြီး တစ်ချို့ကို အိမ်သာ ထဲ ရေဆွဲချကာ တစ်ချို့ကိုလည်း အိတ်တွေနဲ့ ခွဲထုတ်ပြီး နေရာအသီးသီးမှာ သွားပြီး စွန့်ပစ်ထားခဲ့တယ်လို့ပါ ၎င်းက ဖြောင့်ချက်ပေးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly