ယဉ်ကျေးမှုအမွေအနှစ်များဥပဒေ ပြင်ဆင်ရာတွင် ဒေသခံသဘောထားမပါ၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်

ယဉ်ကျေးမှုအမွေအနှစ်များဥပဒေ ပြင်ဆင်ရာတွင် ဒေသခံသဘောထားမပါ၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်

ဇန်နဝါရီ ၂၅ ။                 ။ မန္တလေးတိုင်း ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ၁၉၉၈ ခုနှစ်ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်ရာ၌ ပုဂံညောင်ဦးဒေသခံများ တောင်းဆိုထားသည့် အချက်မပါ၍ ယင်းဒေသခံ ၂၅၀ ခန့်က ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့က ပုဂံမြို့သစ်စျေးကြီးအရှေ့ဘက် မှ စတင်၍ မြို့လယ်ရှစ်မျက်နှာဘုရား၊ သီရိပစ္စယာ မီးပွိုင့်မှတဆင့် မြင်းကပါရွာ ဗူးဘုရားလမ်းဆုံ မန်ကျည်းပင်တန်းအထိ စီတန်းလှည့်လည်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းဆန္ဒဖော်ထုတ်ရခြင်းသည် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၌ ဒေသခံများ၏ တင်ပြချက်များ ပါဝင်လာရေးကို ရည်ရွယ်၍ ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ယင်းဆန္ဒဖော်ထုတ်သူများဘက်မှ ဆိုသည်။

''အဲဒီထဲမှာ ယဉ်ကျေးမှုအမွေအနှစ်နဲ့ လူသားရင်းမြစ်နဲ့၊ သဟဇာတမဖြစ်တဲ့ဥပဒေတွေ အဲဒါတွေကို ပြန်လည် ပြင်ဆင်ပေးဖို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ပုဂံဇုန်ထဲမှာ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ တကယ့်ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိတဲ့နေရာတွေကို ကြားခံနယ်တွေအဖြစ် သတ်မှတ်ထားတာလည်း လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေ မရှိဘဲနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ရှိပါတယ်ဆို လုပ်ထားတဲ့ ပုဂံဇုန် ပြင်ဆင်ရေးဆွဲရေးအချက်ကလည်း အထူးသဖြင့် ပြင်ဆင်ရမဲ့ အချက်တွေဖြစ်ပါတယ်'' ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သူ ဒေသခံ ကိုချစ်ကိုကိုက ပြောသည်။

ပြင်ဆင်ရေးဆွဲလိုက်သည့် ရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၌ ရှေးဟောင်းယဉ်ကျေးမှုဇုန်နှင့် ၂ မိုင်ခွဲခန့် ဝေးသော ပုဂံမြို့သစ်နှင့် ၃ မိုင် ကွာဝေးသော ညောင်ဦးမြို့ရှိ လူနေအဆောက်အဦ၊ ပတ်ဝန်းကျင်ဒေသများပါရှိနေသည်ဟု ဆန္ဒထုတ်ဖော်သူများက ဆိုသည်။

ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေတွင် ဒေသခံများ၏ သဘောထားများကို ဇန်နဝါရီလ ၁၄ ရက်နေ့က ယင်းမြို့ ဥပဒေပြင်ဆင်ရေးကော်မတီမှတစ်ဆင့် နေပြည်တော်ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌထံသို့ တင်ပြခဲ့ကြောင်း ယင်းမြို့ကော်မတီဘက်မှ ဆိုသည်။

''ကျွန်တော်တို့အနေနဲ့ ပြောချင်တာက ပတ်ဝန်းကျင်က သဘောထားမှားမှာစိုးလို့ ပြောပြတာပါ။ ပုဂံ ရှေးဟောင်း ဇုန်ကြီးထဲမှာ ဒီဥပဒေသက်ရောက်တယ်ဆိုတာကို ကျွန်တော်တို့ လက်ခံပါတယ်။ ကျွန်တော် တို့ရဲ့ ပြသနာက မြို့ရွှေ့ခဲ့ရတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ မြို့ရွှေ့ခဲ့ရတဲ့ ပုဂံမြို့သစ်၊ လူပေါင်းသိန်းချီနေတဲ့ ညောင်ဦး၊ ဒီဒေသမှာရှိတဲ့ မသိနားမလည်တဲ့လူတွေဟာ ဥပဒေရဲ့အကျိုးသက်ရောက်မှုကြောင့် စည်ပင်သာယာရေးဥပဒေထက် ပိုပြီးတော့ ဥပဒေပြစ်ဒဏ်တွေ။ ဥပမာ ထောင်ဒဏ်တွေ ကျခံရမှာဖြစ်ပါတယ်'' ယင်းဒေသ ဥပဒေပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်စွာမင်းက ပြောသည်။

ယင်းဥပဒေမူကြမ်းတွင် ပုဒ်မ ၂၇ အရ မိမိတို့၏ နေအိမ်ခြံဝန်းဟောင်းများ ပြုပြင်၊ အသစ်တည်ဆောက်ခြင်း၊ မြေကျင်းတူး၊ လမ်းဖောက်၊ ကန်ချောင်းပြုပြင်ခြင်းကို သက်ဆိုင်ရာကော်မတီသို့ ခွင့်ပြုမိန့်မတင်ဘဲ ပြုလုပ်မည် ဆိုပါက ပုဒ်မ ၃၄ အရ ရဲမှ ဖမ်းဆီးနိုင်ပြီး တရားရုံးမှ ပြစ်မှုအလိုက် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိနှင့် ငွေဒဏ် ကျပ် ၁၀ သိန်းမှ သိန်း ၅၀ အထိ ကျခံစေရမည် ဖြစ်သည်။

ခွင့်ပြုမိန့်တင်မည်ဆိုပါက နှစ်လခန့်ကြာမည်ဖြစ်သော်လည်း ခွင့်ပြုမည်၊ မပြုမည်ကို ချက်ချင်းမသိရကြောင်း၊ လိုအပ်ပါက ရှေးဟောင်းဌာနမှ အမွေအနှစ်ဆိုင်ရာ ဆန်းစစ်ချက် အဆင့်ဆင့်ပြုလုပ်ပြီးမှ လုပ်ဆောင်ခွင့် ရမည်ဖြစ်ကြောင်းပါရှိသည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ယင်းဒေသဆန္ဒဖော်ထုတ်သူများက ဆိုသည်။

ယနေ့ ဆန္ဒထုတ်ဖော်သူများက ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအား ပြည်သူ့ဆန္ဒနှင့်အညီ ရေးဆွဲပြဌာန်းရေး၊ မြို့ရွာများတွင် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအာဏာသက်ရောက်မှု မရှိစေရေး၊ ပြည်သူ့အသံ လွှတ်တော်အသံဖြစ်ရေး၊ ဒေသခံ ပြည်သူများကို ဖိနှိပ်ချုပ်ချယ်သော ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ(အလိုမရှိ)အစရှိသည့် စာသားပါ ဗီနိုင်းကိုင်ဆောင်၍ ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့သည်။

ယခင် ဇန်နဝါရီလ ၁၉ ရက်နေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့ ဒေသခံပြည်သူ ၄၅၀ ခန့်က အဆိုပါ ဥပဒေကို ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly