i Light Singapore ပွဲတော်ကျင်းပရန် စင်ကာပူပြင်ဆင်

i Light Singapore ပွဲတော်ကျင်းပရန် စင်ကာပူပြင်ဆင်

ဇန်နဝါရီ ၂၅ ။            ။ များမကြာမီ စင်ကာပူနိုင်ငံမှာ ကျင်းပတော့မှာဖြစ်တဲ့ i Light Singapore ပွဲတော်အတွက် စင်ကာပူပညာရှင်တွေအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅ နိုင်ငံက ပညာရှင်တွေဟာ ရောင်စုံမီးတွေနဲ့ တီထွင်ဖန်တီးထားတဲ့ လက်ရာတွေကို နေရာအနှံ့ တပ်ဆင်နေပြီလို့ သိရပါတယ်။

စင်ကာပူရဲ့ အထင်ကရနေရာတွေ၊ တံတားတွေ၊ မြစ်တွေထဲမှာ ရောင်စုံမီးတွေနဲ့ ဖန်တီးထားတဲ့ အနုပညာလက်ရာ ၃၃ မျိုးကို တပ်ဆင်ထားမှာဖြစ်ပြီး မှော်ဆန်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်ဖို့ ပညာရှင်တွေက ကြိုးပမ်းထားတယ်လို့ သိရပါတယ်။

ကိုယ်ရပ်ကြည့်နေတဲ့ ရှုထောင့်အပေါ် မူတည်ပြီး မြစ်ထဲက ရွက်လှေဟာ တစ်စင်း၊ နှစ်စင်း၊ လေးစင်း ဒါမှမဟုတ် ခြောက်စင်းဖြစ်သွားအောင် ဥရောပအခြေစိုက်ကုမ္ပဏီ Biangle Studio က နည်းပညာရှင်တွေ ဖန်တီးထားတာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားတဲ့ နည်းပညာကိုတော့ နယူးဇီလန်အခြေစိုက် Uji Studios ကဖန်တီးထားတာဖြစ်ပါတယ်။

Uji Studios ရဲ့ထူးခြားတဲ့လက်ရာအရ ဖြတ်လျှောက်လာတဲ့ လူဟာ ကင်မရာကို စိုက်ကြည့်မိလိုက်ရင် အဆိုပါလူရဲ့ မျက်နှာဟာ ဖန်သားပြင်ပေါ်မှာ ပေါ်လာမှာဖြစ်ပါတယ်။ ဖန်သားပြင်နဲ့ ကပ်အောင် နည်းနည်းတိုးလိုက်တာနဲ့ အဆိုပါလူဟာ ကိုယ့်မျက်နှာကိုယ် ပြန်ပြီးရေးဆွဲနိုင်မှာဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၅ နိုင်ငံက နည်းပညာရှင်တွေရဲ့ အံ့မခန်းလက်ရာတွေကို တွေ့မြင်ခံစားနိုင်မှာဖြစ်တဲ့

i Light Singapore ပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်ကနေ ဖေဖော်ဝါရီလ ၂၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါပွဲတော်ကို ၂၀၁၀ ခုနှစ်ကစပြီး ကျင်းပလာခဲ့ရာ မနှစ်က ပွဲမှာ လာရောက်ကြည့်ရှုအားပေးတဲ့ ပရိသတ် ၂ သန်းရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly