ဒေါ်အောင်ဆန်းစုကြည်က Project K အဖွဲ့ကို တွေ့ဆုံပြီး အနုပညာနှင့်ပတ်သက်သော အကြံဉာဏ်များ ပေးခဲ့

ဒေါ်အောင်ဆန်းစုကြည်က Project K အဖွဲ့ကို တွေ့ဆုံပြီး အနုပညာနှင့်ပတ်သက်သော အကြံဉာဏ်များ ပေးခဲ့
ဓာတ်ပုံ - Project K

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ။              ။ လူငယ်အဆိုတော်အဖွဲ့တစ်ခုဖြစ်တဲ့ Project K အဖွဲ့ဟာ ဇန်နဝါရီလ ၂၅ ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

“ဒီနေ့လေးဟာ Project K အတွက် ဂုဏ်ယူလို့မဆုံးတဲ့နေ့လေးတစ်နေ့ပါပဲ။ ကျွန်တော်တို့ကို အနုပညာနဲ့ ပတ်သက်တဲ့ အကြံဉာဏ်ကော စိတ်ဓာတ်ခွန်အားရအောင်ပါ အချိန်ပေးပြီး တွေ့ဆုံပြောကြားပေးသော အမေစုကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ဗျ”လို့ Project K အဖွဲ့က သူတို့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Project K အဖွဲ့ဟာ ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို သွားရောက်ခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်သလို တွေ့ဆုံခဲ့မှုအခြအနေတွေကိုလည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဂုဏ်ယူ ဝမ်းမြောက်စွာ ရေးသားဖော်ပြခဲ့ကြပါတယ်။

Project K အဖွဲ့ဟာ လူငယ် (၇)ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ၂၀၁၈ခုနှစ် ဒီဇင်ဘာ (၁၄) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ Myanmar Entrepreneurship 2018 ပွဲမှာ “Never Fall Down” အမည်ရှိတဲ့ သီချင်းနဲ့ ကပြဖျော်ဖြေမှုတွေရှိခဲ့ပါတယ်။ အဆိုပါပွဲကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ခဲ့ပြီး  Project K အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုအပေါ် အသိအမှတ်ပြု ချီးကျူးစကားတွေလည်း ပြောကြားခဲ့ပါတယ်။

အဆိုပါလူငယ်အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်း စတဲ့ လူငယ် (၇)ဦးပါဝင်ပြီး ၂၀၁၆ခုနှစ်က ကိုရီးယားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကာ ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ သူတို့ဟာ မကြာသေးခင်က The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly