အင်ဒိုနီးရှား ရေကြီးမြေပြိုမှု သေဆုံးသူ ၆၀ နီးပါး ရှိလာ

အင်ဒိုနီးရှား ရေကြီးမြေပြိုမှု သေဆုံးသူ ၆၀ နီးပါး ရှိလာ

ဇန်နဝါရီ ၂၅ ။           ။ အင်ဒိုနီးရှားနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ရေလွှမ်းမိုးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံးသူ ဦးရေဟာ ၅၉ ဦးထက်မနည်း ရှိသွားပြီလို့ အစိုးရက ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။

ပြီးခဲဲ့တဲ့ ရက်ပိုင်းက ဆူလာဝေစီ ကျွန်းမှာ မိုးကြီးလေပြင်းကျခဲ့ရာကနေ ယခုလို သဘာဝဘေး ကြုံတွေ့ကာ ဒေသခံ ထောင်နဲ့ချီ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

" ဒီလောက် ဆိုးတဲ့ အဖြစ်မျိုး အရင်က တစ်ခါမှ မကြုံခဲ့ဖူးပါဘူး" ဆိုပြီး ဆူလာဝေစီ တောင်ပိုင်း သဘာဝဘေး လျော့ပါးရေး အေဂျင်စီ အကြီးအကဲ ဆိုင်ယမ်စီဘား က ပြောပါတယ်။

ယခုထက်ထိ လူ ၂၅ ဦးလောက် ပျောက်ဆုံးနေဆဲလို့လည်း ၎င်းက ဆိုပါတယ်။

ရက်ပိုင်းအတွင်း မိုးသည်းထန်ခြင်း၊ မြစ်ရေလျှံတက်ခြင်း တို့ကြောင့် ဆူလာဝေစီ တောင်ပိုင်းက ဒေသ ၁၁ ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရေပြန်ကျသွားပြီ ဖြစ်ပေမယ့် ယခု သဘာဝဘေးကြောင့် ရုံး၊ ကျောင်း၊ နေအိမ် အများအပြား ပျက်စီးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly