နောက်တက်လာမယ့် အစိုးရ မျိုးစောင့်ဥပဒေကို မပြင်နိုင်ရန် အောင်ပွဲခံ အင်အားပြနေဟု ဦးဝီရသူဆို

နောက်တက်လာမယ့် အစိုးရ မျိုးစောင့်ဥပဒေကို မပြင်နိုင်ရန် အောင်ပွဲခံ အင်အားပြနေဟု ဦးဝီရသူဆို
မျိုးစောင့်ဥပဒေ အောင်မြင်မှုအား ကြိုဆိုပွဲအခန်းအနားအဖြစ် စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်တွင် ပြုလုပ်ရာ တက်ရောက်လာသည့် သံဃာများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ)

ရန်ကုန်၊ စက်တင်ဘာ ၃၀။          ။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် တွင် ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြဋ္ဌာန်းနိုင်ခဲ့တဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်မှုကို မဘသရဲ့ နိုင်ငံရေး အောင်ပွဲအဖြစ် အခမ်းအနားတွေ၊ စီတန်းလှည့်လည်မှုတွေနဲ့အတူ တနိုင်ငံလုံးတွင် ကျင်းပ ပြုလုပ်လျက် ရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် မန္တလေးမြို့မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် လောင်းတွေဟာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သူ ဟုတ်မဟုတ် မဘသအဖွဲ့က စုံစမ်း လျက် ရှိပြီး မဘသ ဦးဆောင် ဆရာတော် ဦးဝီရသူက တိုင်းပြည်နှင့် ဗုဒ္ဓဘာသာကို ကာကွယ်မယ့် အမျိုးကို စောင့်ရှောက်မယ့်သူတွေကို ရွေးချယ်ရန် စက်တင် ဘာလ ၁၆ ရက်နေ့က တိုက်တွန်း ထားပါတယ်။

ဦးသိန်းစိန် ပြဋ္ဌာန်းပေးခဲ့တဲ့ မျိုးစောင့်ဥပဒေများ တနိုင်ငံလုံးတွင် ထောက်ခံမှု အင်တိုက်အားတိုက် ပြုလုပ်နေခြင်းဟာ လက်ရှိအစိုးရရဲ့ ဒုတိယ သက်တမ်းအတွက် မဲဆွယ်ပေးနေခြင်းလားလို့ မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။ မစိုးရိမ် တိုက်သစ်ဆရာတော် မဘသ က ဦးဝီရသူက ဦးသိန်းစိန်ကို အာဏာ တည်မြဲဖို့ ဒီအခမ်းနားတွေ ကျင်းပနေတာမဟုတ်ပါဘူးတဲ့ နောက်အစိုးရတက်လာရင် မျိုးစောင့်ဥပဒေ ကို ရန်ရှာနိုင်တယ်ဆိုတဲ့ အသံတွေလည်းထွက်လာလို့ အင်အားပြတာတွေ လုပ်ခဲ့တာပါလို့ မိန့်ပါတယ်။

ဦးဝီရသူက။   ။ မဲဆွယ်တဲ့ကာလနဲ့ တိုက်ဆိုင်ပြီးတော့မှ ဒီဥပဒေကို အဆုံးသတ်ပေးလိုက်တယ် ဆိုပြီးတော့ ဝေဖန်တယ်။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ကာလမှာမှ ဒီအောင်ပွဲတွေကို တမင်သက်သက် အောင်ပွဲခံတယ်လို့ ဝေဖန်နေတာတွေ ရှိပါတယ်။ ကန့်ကွက်တဲ့သူ ရှိခဲ့လို့သာ ဒီဥပဒေ က ဒီအချိန်ရောက်မှ အောင်မြင်သွားတာပါ။ တကယ်လို့ ကန့်ကွက်ခဲ့သူမရှိလို့ ချောချောမောမော အောင်မြင်သွားရင် ဒီအချိန်ထိ မရောက်ပါဘူး။

နောက်တစ်ချက်ကတော့ မဘသ ဗဟိုအစည်းအဝေးမှာ တစ်ရက်တည်း တစ်ပြိုင်နက်ထဲ မန္တလေးနဲ့ ရန်ကုန်မှာလုပ်ဖို့ ရည်ရွယ်တာပါ။ သို့သော်လည်း လက်မှတ် ကောက်ပေးထားတဲ့ လူတွေက မန္တလေးနဲ့ ရန်ကုန်တင်မကဘူး။ အထက်ဗမာပြည်ကော အောက်ဗမာ ပြည်ကော စုံနေတာဆိုတော့ သူတို့တွေ လက်မှတ်တစ်ခုရဖို့က အင်မတန်ခက်ခဲပါတယ်။ လက်မှတ်ကောက်ပေးထားတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို သက်ညှာပြီးတော့ တိုင်းနဲ့ ပြည်နယ် အသီးသီးကို ကိုယ်စားပြုတဲ့ မြို့ကြီးတွေမှာပဲ ဖြစ်ဖြစ် သို့မဟုတ် သင့်တော်တဲ့မြို့တွေ မှာပဲ ဖြစ်ဖြစ် အောင်ပွဲ ကျင်းပကြဖို့ သတ်မှတ်လိုက်တာပါ။

နောက်တစ်ချက်က သမ္မတ ဦးသိန်းစိန်ကို ထောက်ခံဖို့ ဒီအစိုးရ ဆက်လက်ပြီးတော့ အာဏာ တည်မြဲဖို့ ဒီအခမ်းနားတွေ ကျင်းပနေတာမဟုတ်ပါဘူး။ နောက်တစ်ချက်က နောက်အစိုးရ တက်လာရင် မျိုးစောင့်ဥပဒေကို ရန်ရှာနိုင်တယ်ဆိုတဲ့ အသံတွေလည်း ထွက်လာသလို အဲဒီလို ရန်ရှာမယ့် အဖွဲ့အစည်းတွေကလည်း အသံတွေ ကြားလာရတယ်။ အဲဒီအတွက် အင်အားပြတဲ့အနေနဲ့ အမျိုးစောင့် ဥပဒေကို မထိပါးရဲအောင် ကြီးကြီးကျယ်ကျယ် လုပ်နေရခြင်း  ဖြစ်ပါတယ်။

NLDက ကမာရွတ်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း ဦးလင်းနိုင်မြင့် ကတော့ ဘယ်ပါတီပဲဖြစ်ဖြစ် တရား ဥပဒေ ကိုချိုးဖောက်ရင် အဲဒီသူရဲ့တာဝန်သာဖြစ်တယ်။ တကယ်လို့ တဖွဲ့ဖွဲ့ တယောက်ယောက်က သွားပြီး တားဆီး ပိတ်ပင်တယ်ဆိုရင်တော့ ဒီဥစ္စာက တည်ဆဲဥပဒေတွေကို ချိုးဖောက်တာဖြစ်သွားပြီလို့ ဆိုပါတယ်။

ဦးလင်းနိုင်မြင့်။ ။ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ (၅၈)မှာလည်း ဘာသာရေးကို အကြောင်းပြပြီး တော့ မဲဆွယ်လို့မရဘူးလို့ ဖော်ပြထားတယ်။ ပြီးတဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ဘာသာတစ်ခုခုကို အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ပြီးတော့ ဆောင်ရွက်ခွင့် မရှိဘူးလို့ ဖော်ပြထားတယ်။ တစ်ချို့ နေရာတွေမှာ ကျွန်တော်ဖတ်လိုက်ရတာ ကြားလိုက်ရတာ အမျိုးဘာသာ သာသနာ ဆိုတဲ့အဖွဲ့က တစ်ချို့လူတွေက အဲထဲမှာ ပါတဲ့ တစ်ချို့လူတွေက အဲဒါကို ချိုးဖောက်နေတယ်ဆိုတာ တွေ့လိုက်ရတယ်။ ဒါကတော့ ဥပဒေကို ချိုးဖောက်တာကတော့ ချိုးဖောက်တဲ့ လူရဲ့တာဝန်သာဖြစ်တယ်လို့ ကျွန်တော် ကတော့ မြင်မိတယ်။ ဝေဖန်တာတို့ ထောက်ပြတာတို့ အကြံပြုတာတို့ကတော့ ဒီမိုကရေစီစနစ်သွားပြီ ဆိုရင် ကြုံရမှာပဲလေ။ အဲပေမယ့် အဲအပေါ်မှာတော့ ဝေဖန်လို့ရတယ်။ ထောက်ပြလို့ရတယ်။ အကြံပြုလို့ရတယ်။ ဒါပေမယ့် အဲအပေါ်မှာ တားဆီး ပိတ်ပင်လို့မရဘူး။ တကယ်လို့ တားဆီးပိတ်ပင် သွားပြီဆိုရင်တော့ ဒီဥစ္စာက တည်ဆဲ ဥပဒေတွေကို ချိုးဖောက်တာ ဖြစ်သွားပြီ။

မဘသအဖွဲ့က ရွေးကောက်ပွဲမှာ ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်မယ့် အရိပ်လက္ခဏာ ပြသတာမရှိပေမယ့် သူတို့ရဲ့ ဥပဒေ ၄ ခုကို ဆန့်ကျင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူသိအောင် ထုတ်ပြန် သတိ ပေးသွား မယ်လို့ ကြေညာထားပါတယ်။ အဲဒီ ကိုယ်စားလှယ်လောင်း တွေထဲမှာ လာမယ့် ရွေးကောက်ပွဲမှာ ရှေးရိုးစွဲသမားများ၊ စစ်ဘက်အရာရှိ ဟောင်းများနဲ့ ရင်ဆိုင်ရမည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီတို့ ပါဝင်နေပါတယ်။

အရှင်ဝီရသူကတော့ နောက်အစိုးရတက် လာရင် ဒီမျိုးစောင့်ဥပဒေကို ပြန်ပြင်မယ်လို့ ကန့်ကွက်ခဲ့တဲ့ သူတွေပါလာခဲ့ရင် အင်အားပြတဲ့အနေနဲ့ လုပ်ရတာဖြစ်တယ်လို့ မိန့်ပါတယ်။

အရှင်ဝီရသူ။   ။အခြေခံဥပအဒေ ပြင်တာသာ ရာခိုင်နှုန်း တော်တော်များများရမှ ထောက်ခံမဲ များများရ မှ ပြင်လို့ရတာကို အမျိုးစောင့်ဥပဒေလို ဥပဒေ အသေးအဖွဲလေးတွေ ပြင်တဲ့ကိစ္စကျတော့ ၅၁ ရာခိုင်နှုန်း ရရင်ပြင်လို့ရတယ်။ ဒါကြောင့် လွှတ်တော်ထဲ ငါတို့ရောက်သွားရင် ဒီမျိုးစောင့်ဥပဒေကို ပြန်ပြင်မယ်လို့ ကန့်ကွက်ခဲ့တဲ့ အမတ်တွေရဲ့ ပြောတဲ့ စကားတွေရှိတယ်။ နောက် သူတို့ရဲ့ အသိုင်းအဝိုင်းထဲကလည်း ဒီသတင်းတွေ ထွက်လာတယ်။ ဒါတွေကို ရဟန်းရှင်လူ ပြည်သူတွေက တော်တော် စိုးရိမ်ကြတယ်။ စိုးရိမ်ကြလို့ ဒါကို အင်အားပြတဲ့အနေနဲ့ အောင်ပွဲခံတာပါ။

ရွေးကောက်ပွဲမတိုင်မီ အခုလိုမဲဆွယ်တဲ့ ကာလမျိုးမှာ လက်ရှိအာဏာရ ပါတီနဲ့ အတိုက်အခံပါတီကြီးတို့ ကတော့ ထောင်ပြီးသား ပါတီဆိုင်းဘုတ်နေရာမှာ နောက်ထောင်တဲ့ ပါတီဆိုင်းဘုတ်ကရှေ့ကကွယ်နေ တာမျိုးတွေ၊ မဲဆွယ်ကြစဉ် ပါတီဝင်အချင်းချင်း အချင်းများကြတာမျိုးတွေတော့ နေရာတချို့မှာဖြစ်ခဲ့ ပါတယ် ဦးလင်းနိုင်မြင့်ကတော့ ရွေးကောက်ပွဲကာလမှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပါတီတွေ ပူးပေါင်းပြီး ထိမ်းနိုင်မယ်ထင်ပါတယ်တဲ့။

ဦးလင်းနိုင်မြင့်။  ။ရွေးကောက်ပွဲကာလမှာ ရန်ကုန်၊မန္တလေးနဲ့ မြို့ကြီးတွေမှာ ဒီလို ပဋိပေက္ခမျိုး ဖြစ်လာဖို့တော့ ကျွန်တော်တော့မထင်မိဘူး။ နယ်တွေမှာ ဆိုရင်တော့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပါတီတွေနဲ့တော့ အဲလို မဖြစ်အောင်ပူးပေါင်းပြီး ဆောင်ရွက်နေတာရှိတယ်။ သက်ဆောင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေကလည်း အဲလို ပဋိပေက္ခတွေ မဖြစ်အောင်လို့ ကြိုတင်ပြီး ဖြစ်ပွားတဲ့ကိစ္စတွေ ဖြစ်လာနိုင်ခြေရှိတဲ့အဖွဲ့တွေကိုလည်း ခေါ်ယူပြီးသတိပေးတာတို့၊ အကြောင်းကြားတာတို့ ရှိတယ်။ အဲဒါကြောင့် ကြီးကြီးမားမား ဖြစ်မယ်လို့တော့ ကျွန်တော်တော့ မထင်မိဘူး။

မဘသ ကအရှင်ဝီရသူကတော့ ပါတီကြီးနှစ်ခုလုံးက ပုံအပ်လို့ မရတဲ့ အခြေအနေပါတဲ့

အရှင်ဝီရသူ။  ။သူတို့တစ်တွေ မဲဆွဲစည်းရုံးတဲ့ ကိစ္စနဲ့တော့ သိပ်ပြီးတော့ အထူးအထွေ မလေ့လာမိ ပါဘူး။ ပါတီတိုင်း ပါတီတိုင်း မဲဆွဲစည်းရုံး နေကြတာကို ဦးဇင်းတို့က တွေ့မြင်နေရတော့ ထူးပြီးတော့ ပြောစရာဂာ မရှိပါဘူး။ တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌကြီးက ဘာမှကို လုပ်မပြနိုင်ခဲ့ဘူးနော်။ အဲတော့ သူတို့ ကြွေးကြော်တဲ့အတိုင်း ဖြစ်လာပါ့မလားဆိုတာကြီးက ပြောစရာ ဖြစ်သွားတာပေါ့။

နောက်တစ်ခု က  ဦးဇင်းတို့ မန္တလေးကို လာတုန်းက သူလွှတ်တော်ထဲ ရောက်သွားရင် မန္တလေးအတွက် ပထမဦးဆုံး အဆိုပြုပေးပါ့မယ် ဆိုပြီးတော့ ကတိပေးခဲ့တယ်။ သို့သော်လည်းပဲ မန္တလေး သံဃာထုက တောင်းဆိုတဲ့ အမျိုးစောင့် ဥပဒေကျတော့ ပါတီလုံးကျွတ်ကို ကန့်ကွက်ခဲ့တာ ပေါ့နော်။ ဦးဇင်းတို့ ပြောချင်တာကတော့ ပါတီကြီးနှစ်ခုရှိတယ်။ နှစ်ခုတည်းက တစ်ခုခုကို ပုံအပ်လို့တော့ မရနိုင်တဲ့အခြေနေမျိုးမှာ ရှိတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ပါတီသေးသေးလေးတွေထဲက အရည်အချင်းပြည့်ဝတဲ့ စိစစ်ပြီးရွေးထုတ်မှသာ အနာဂတ် နိုင်ငံရေးက တည်ငြိမ်ဖြောင့်ဖြူးနိုင်မယ်လို့ ဦးဇင်းကတော့ အကြံပြုချင်တာပေါ့။

မဘသ ကအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မဲဆွယ်စည်းရုံးရေးကို ထိခိုက်စေနိုင်သည့် စာသားပါ စာရွက်စာတမ်းများကို မဘသက တိုင်းဒေသကြီးနှင့် ပြည်နယ် တချို့တွင် လိုက်လံ ဝေငှလျက် ရှိကြောင်း NLD ဗဟိုအောင်နိုင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက မီဒီယာများသို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့တဲ့အပေါ်မဘသက အရှင်ဝီရသူက

အရှင်ဝီရသူ။    ။နောက်နောင်မှာ မဘသ လိုဂိုကို အသုံးပြုပြီးတော့ ဒီလို နိုင်ငံရေး အသုံးချတာမျိုး မလုပ်ဖို့ ဦးဇင်းတို့ ကြေညာချက်လည်း ထုတ်ထားတယ်။ နောက်ပိုင်းမှာတော့ ဒီဟာကို မိတ္တူ ပွားပြီးတော့ ဟိုနေရာအခမ်းအနားမှာ ဖြန့်ဝေလိုက် ဒီနေရာမှာ ဖြန့်ဝေလိုက်နဲ့ နိုင်ငံရေးကို အသုံးချနေ တာတွေ့ရပါတယ်။ အမျိုးစောင့်ဥပဒေကို တစ်ယောက်စ နှစ်ယောက်စက ကန့်ကွက်ခဲ့တာ မဟုတ်ပဲနဲ့ ပါတီလုံးကျွတ် ကန့်ကွက်ခဲ့တဲ့အတွက် သံဃာငယ်လေးတွေရင်ထဲမှာ ကြိတ်မနိုင်ခဲမရ ခံစားရတယ် ပေါ့နော်။ အဲလို ပေါက်ကွဲတယ်လို့လည်း ဦးဇင်းတို့ ယူဆတာပေါ့နော်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly