မကွေးရှိ ဆိပ်ကမ်းများကို စနစ်တကျ စီမံခန့်ခွဲရန် မြို့နယ်အဆင့်ကော်မတီများ ဖွဲ့စည်း

မကွေးရှိ ဆိပ်ကမ်းများကို စနစ်တကျ စီမံခန့်ခွဲရန် မြို့နယ်အဆင့်ကော်မတီများ ဖွဲ့စည်း

မကွေး၊ ဇန်နဝါရီ ၂၃ ။        ။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆိပ်ကမ်းများ၊သင်္ဘောဆိပ်များ၊ဆိပ်ခံများအား စနစ်တကျစီမံခန့်ခွဲနိုင်ရန် မြို့နယ်တိုင်း၌ စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းလျက်ရှိကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြစ်ကြောင်းများနှင့် ဆိပ်ကမ်းနယ်မြေများတွင် စီးပွားရှာလုပ်ကိုင်သူများ နှင့် နိုင်ငံတော်အကျိုးစီးပွားတို့အကြား စည်းကမ်းကောင်းမွန်ပြီး ဘက်ပေါင်းစုံအကျိုးရှိနိုင်သော ရလဒ်ကောင်းများဖြစ်ပေါ်လာရန် မကွေးတိုင်း ဒေသကြီးအတွင်းရှိ ဆိပ်ကမ်းများ ၊ သင်္ဘောဆိပ်များ ၊ ဆိပ်ခံများအား စနစ်တကျစီမံခန့်ခွဲနိုင်ရန် စီစဉ် နေကြောင်း တိုင်းဒေသကြီး ဆိပ်ကမ်းများ ၊ သင်္ဘောဆိပ်များ ၊ ဆိပ်ခံများစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး (ရေအရင်းအမြစ်နှင့်မြစ်ကြောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ) ဦးဇော်လွင် ကပြောသည်။

“စီမံခန့်ခွဲသူတွေအနေနဲ့ မြစ်ကျောက်စရစ်လုပ်ကွက်တွေရဲ့ ထုတ်လုပ်မှု ၊ စည်းကမ်းဖောက်ဖျက်မှု ၊ လုပ်ငန်း ရှင်နဲ့ ဒေသခံတွေကြား ပဋိပက္ခဖြစ်မှုတွေကို မှတ်တမ်းတင်တာတွေ ၊ ဖြေရှင်းတာတွေ ဆောင်ရွက်သွားမှာပါ။ သဲကျောက် စျေးနှုန်းတွေတည်ငြိမ်ဖို့ နဲ့ လုပ်ငန်းသမားအချင်းချင်း မျှတမှုရှိစေဖို့လည်း စျေးနှုန်းသတ်မှတ် ပေးတာတွေကို လုပ်ဆောင်မှာပါ။ ဒေသအလိုက်ကော်မတီတွေရဲ့ လုပ်ငန်းတာဝန်တွေမှာလည်း ဒါတွေကို စီစစ်တင်ပြရမယ်ဆိုပြီး ပါပါတယ်” ဟု ဦးဇော်လွင် ကပြောသည်။

ယင်းသို့လုပ်ဆောင်နိုင်ရန် တိုင်းစီမံခန့်ခွဲမှုကော်မတီကို တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများဖြင့် ဖွဲ့စည်း ထားပြီး ၂၀၁၉ခုနှစ်အတွင်း စီမံခန့်ခွဲမှုများ အသက်ဝင်လာစေရန် သက်ဆိုင်ရာမြို့နယ်အလိုက် ဒေသဆိုင်ရာ ကော်မတီများကို ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ပြီး တည်ဆဲဥပဒေများနှင့်အညီ ဆိပ်ကမ်းနယ်နမိတ်များကို သတ်မှတ်ကြေငြာသွားမည်ဖြစ်သည်။

စီမံခန့်ခွဲမှုကော်မတီများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ရဲတပ်ဖွဲ့ ၊ စည်ပင် ၊မီးသတ် ၊ ငါးလုပ်ငန်း ၊ ပြည်တွင်းရေကြောင်း ၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာန တို့ပါဝင်မည်ဖြစ်ပြီး အရပ်ဘက်မှ လုပ်ငန်းရှင်(၃)ဦး ၊ လွှတ်တော် ကိုယ်စားလှယ်များမှ အမည်စာရင်းပေးပို့သူ ရပ်မိရပ်ဖ(၃)ဦး တို့အား ထည့်သွင်းဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကော်မတီအနေဖြင့် ဆိပ်ကမ်းနယ်တွင်အလုပ်လုပ်ကိုင်သော ပုဂ္ဂိုလ်၊အသင်းအဖွဲ့၊ကုမ္ပဏီများ လုပ်ငန်းမှတ်ပုံ တင် လျှောက်ထားရာတွင် သဘောထားမှတ်ချက်ပေးခြင်း ၊ ဥပဒေနှင့်အညီလုပ်ကိုင်ခွင့်ရသူများအား အခွင့် အရေးဆုံးရှုံးမှု မရှိ စေရန် အကာအကွယ်ပေးခြင်း ၊ လုပ်ငန်းများကြောင့် ရေထုညစ်ညမ်းမှု နှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မဖြစ်ရေး ၊ ရေနေသတ္တဝါများ၏ ဂေဟစနစ် မပျက်စီးရေး ၊ မျိုးမတုံးစေရေး တို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly