လေယာဉ်မပျောက်ခင် ‘အရမ်းကြောက်နေတယ်’လို့ နောက်ဆုံး အသံမက်ဆေချ်ပို့ခဲ့တဲ့ ကာဒစ်ဖ်တိုက်စစ်မှူး ဆာလာ

လေယာဉ်မပျောက်ခင် ‘အရမ်းကြောက်နေတယ်’လို့ နောက်ဆုံး အသံမက်ဆေချ်ပို့ခဲ့တဲ့ ကာဒစ်ဖ်တိုက်စစ်မှူး ဆာလာ
Photo: AFP & Cardiff

ကာဒစ်ဖ်စီးတီးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားတဲ့ ကစားသမားသစ် အီမလီယာနို ဆာလာဟာ သူလိုက်ပါစီးနင်းလာတဲ့ လေယာဉ်ငယ်နဲ့အတူ ချန်နယ် (Channel) ကျွန်းစုနေရာမှာ ပျောက်ဆုံးမသွားခင် သူရဲ့ လေယာဉ်မှာ စိုးရိမ်မှုရှိကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေဆီ ပေးပို့ခဲ့တဲ့ အသံမက်ဆေ့ချ်အရ သိရပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး ဆာလာဟာ စနေနေ့က ပြင်သစ်ကလပ် နန့်တက်စ်အသင်းမှ ကာဒစ်ဖ်အသင်းထံ အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၇ သန်း ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

သူဟာ အင်ဂျင်တစ်လုံးတပ် Piper Malibu လေယာဉ်ငယ်နဲ့ ပြင်သစ်မှ အင်္ဂလန်နိုင်ငံ၊ ကာဒစ်ဖ်သို့ ပျံသန်းလာခဲ့ပြီး တနင်္လာနေ့ညမှာ ချန်နယ်ကျွန်းစုထဲက ဂါဇီးကျွန်းမြောက်ဖက် ကီလိုမီတာ ၂၀ ဝန်းကျင်ကနေ အဆိုပါလေယာဉ်မှာ ရေဒါအဆက်အသွယ် ပြတ်တောက်ကာ လမ်းပျောက်သွားခဲ့တာဖြစ်ပါတယ်။

“ကျနော် လေယာဉ်ပေါ်မှာပါ။ ကျနော် ပျက်ကျတော့မယ်လို့တောင်ထင်ရတဲ့ လေယာဉ်တစ်စီးနဲ့ ကာဒစ်ဖ်ကို သွားနေပါပြီ။”လို့ ဆာလာက WhatsApp အသံဖိုင်မှာ ပြောပါတယ်။

ဒီအသံဖိုင်ကိုတော့ အာဂျင်တီးနားမီဒီယတစ်ခုက ဖော်ပြခဲ့တာပါ။

“တကယ်လို့ နောက်ထပ် တစ်နာရီခွဲလောက်နေလို့မှ ကျနော်ဆီကနေ ဘာသတင်းမှာ မရခဲ့ဘူးဆိုရင် သူတို့ ကျနော်ကို ရှာဖို့ လူစေလွှတ်ရမလားဆိုတာတေင် ကျနော် မသိတေ့ာ့ပါဘူး။ သူတို့ ကျနော့်ကို ရှာတွေ့နိုင်မှာမဟုတ်တဲ့အတွက် … ခင်ဗျာသိပါတယ် … အဖေ၊ ကျနော် အရမ်းကြောက်နေတယ်။”လို့ သူက ပြောဆိုခဲ့ပါသေးတယ်။

ဆာလာစီးနင်းလာတဲ့လေယာဉ်ဟာ အင်္ဂလိပ်ရေလက်ကြားထဲမှာ ပျက်ကျသွားခဲ့တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားကြပါတယ်။

သတင်းတွေရ ဆာလာဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်က ကာဒစ်ဖ်ကနေ ပြင်သစ်ကို အပြန်မှာ အဆိုပါလေယာဉ်ကိုပဲ အသုံးပြု ခရီးသွားခဲ့တာဖြစ်ပြီး လေယာဉ်နဲ့ပတ်သက်လို့ စိုးရိမ်မှုရှိတဲ့အကြောင်း ဖော်ပြကြပါတယ်။

လေယာဉ်ငယ်ပျောက်ဆုံးပြီးနောက်မှာတော့ ဆာလာဟာ ပျောက်ဆုံးပြီး သေဆုံးဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ အင်္ဂါနေ့မှာ ချန်နယ်ကျွန်းစုမှာ ၁၁၅၅ စတုရန်းမိုင် (၃၀၀၀ စတုရန်းကီလိုမီတာ) ဧရိယာပတ်လည်ကို ၁၅ နာရီကြာ ရှာဖွေခဲ့ပြီး “ပင်လယ်ထဲ မျောပါလာတဲ့ အရာဝတ္ထုတွေ ဆယ်ယူထားခဲ့တယ်”လို့ ဂါဇီးရဲအဖွဲ့ ပြောပါတယ်။

“ကျနော်တို့ ဒီလေယာဉ်ပေါ်က တစ်စုံတစ်ရာ ရှာဖွေ မတွေ့ခဲ့ပါဘူး။ လေယာဉ်သာ ပင်လယ်ထဲ ထိုးဆင်းကျသွားခဲ့မယ်ဆိုရင် သူတို့ဟာ ကံမကောင်းစွာပဲ အသက်ရှင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်။”လို့ ရဲအဖွဲ့က ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မနက်မှာတော့ ရှာဖွေမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

ပြင်သစ်အရပ်ဖက်လေကြောင်းအာဏာပိုင်တွေက အသက် ၂၈ နှစ်အရွယ် ဆာလာဟာ “လေယာဉ်ပေါ်မှာ ရှိခဲ့တယ်”လို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်ငယ်ပေါ်မှာ တခြားခရီးသည်တစ်ယောက်ရှိခဲ့တယ်လို့ ထင်မြင်ရတယ်လို့ ဆိုပါတယ်။

နန့်တက်စ်အသင်းပရိသတ်တွေကတော့ လက်ရှိမှာ ဆာလာအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေပြုလုပ်နေကြပြီး ကာဒစ်ဖ်အသင်းရဲ့ကွင်းရှေ့မှာလည်း ပရိသတ်တွေက အမှတ်တရပန်းစည်းတွေလာရောက်ချထားကာ ဝမ်းနည်းမှုကို ပြသခဲ့ကြပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly