မောင်တောမြို့နယ်တွင် တစ်ရက်အတွင်း ကျပ်သိန်း လေးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

မောင်တောမြို့နယ်တွင် တစ်ရက်အတွင်း ကျပ်သိန်း လေးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

နေပြည်တော်၊ ဇန်နဝါရီလ ၂၃ ။             ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဇန်နဝါရီလ ၂၂ ရက်၌ ကျပ်သိန်း လေးထောင်ကျော် တန်ဖိုးရှိသော စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် နေ့လယ် ၂ နာရီ၃၀ ခန့်တွင် မောင်တောမြို့နယ်၊ နယ်မြေ(၅)၊ ကြက်ရိုးပြင်ကျေးရွာရှိ လူနေထိုင်ခြင်းမရှိသည့် ဂူရာဆာန်(၅၈)နှစ်၊ မွတ်စလင်/အစ္စလာမ်၊ ကျပန်း၊ (ဖ) အေရှားဒူလာ၏ နေအိမ်သို့ မူးယစ်ဆေးဝါးသတင်းအရ ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ် အိပ်ခန်း အတွင်း ဆာလာအိတ် ၂ အိတ်ဖြင့်ထည့်ထားသည့် WY/R စိတ်ကြွဆေးပြား ၁၉၄၈၀၅ ပြား(၁ ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၃၈၉,၆၁၀,၀၀၀ သိန်း)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်အတွက် ငါးခူရနယ်မြေရဲစခန်းမှ မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

ထို့အပြင် ဇန်နဝါရီလ ၂၂ ရက်နေ့  နံနက် ၆ နာရီခန့်တွင် မောင်တောမြို့နယ်၊ နယ်မြေ(၆)၊ပြင်ဖြူချောင်းဝအနီး ခန့်မှန်းမြေပုံညွှန်း ဒီယူ-၂၈၇၀၉၇ ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရေယာဉ် ၂ စီးဖြင့် လှည့်ကင်းလုံခြုံရေး ဆောင် ရွက်နေစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ပလပ်စတစ်ပုံးဖြင့် ကူးခတ်နေသည့် အမျိုးသား ၁ ဦးအား တွေ့ရှိ၍ အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ တစ်ဖက်နိုင်ငံရေပိုင်နက်အတွင်း ကူးခတ်ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ပလပ်စတစ်ပုံး ၁ ပုံးအား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးရာ WY စိတ်ကြွဆေးပြား ၂၉၂၅၀ ပြား(၁ ပြား လျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၅၈,၅၀၀,ဝဝဝသိန်း) အားတွေ့ရှိခဲ့ပြီး  ပြင်ဖြူနယ်မြေရဲစခန်းတွင် မူးယစ် (ပ) ၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(ခ)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဇန်နဝါရီလ ၂၂ ရက်နေ့၌ စိတ်ကြွဆေးပြား ၂၂၄၀၅၅ ပြား ကာလတန်ဖိုး ကျပ်သိန်း ၄၄၈ ၁၁၀ ဝဝဝဖိုး သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly