လူငယ်ပြိုင်ပွဲတွင် ရတနာပုံအသင်း ရှုံးပွဲကြုံကာ အမှတ်ပေးဇယားကို ရန်ကုန်ဆက်လက်ဦးဆောင်

လူငယ်ပြိုင်ပွဲတွင် ရတနာပုံအသင်း ရှုံးပွဲကြုံကာ အမှတ်ပေးဇယားကို ရန်ကုန်ဆက်လက်ဦးဆောင်
ရခိုင်ယူနိုက်တက် ၄-၃ ရတနာပုံတို့ပွဲမှ အကြိတ်အနယ် ကစားနေစဉ်။  (ဓာတ်ပုံ - ရခိုင်ယူနိုက်တက်)

စက်တင်ဘာ ၃၀၊ ရန်ကုန်။               ။ ၂၀၁၅ အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အဆင့် ၂ နေရာမှ ရတနာပုံလူငယ်အသင်းမှာ ရှုံးပွဲ ကြုံတွေ့ခဲ့ပြီး   နိုင်ပွဲ ပြန်လည်ရရှိခဲ့သော ရန်ကုန်အသင်းက အမှတ်ပေးဇယား အဆင့် ၁နေရာ မှ ဆက်လက်ဦးဆောင်နေသည်။

ရန်ကုန်လူငယ်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်က ကမ္ဘောဇအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ပွဲစဉ် ၂၃ တွင် နေပြည်တော် အသင်းကို ၃-၀ ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့သည်။

ရတနာပုံလူငယ်အသင်းမှာ ပွဲစဉ် ၂၃ တွင် အဆင့် ၄ နေရာမှ ရခိုင်ယူနိုက် တက်အသင်းကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အခြားပွဲစဉ်များတွင် MFF Youth အသင်းက မနောမြေအသင်းကို ၃-၁ ဂိုး၊ ဧရာဝတီအသင်းက မကွေးအသင်းကို ၂-၁ ဂိုး၊ ကမ္ဘောဇအသင်းက ချင်းယူနိုက်တက်အသင်းကို ၅-၁ ဂိုးနှင့် ဟံသာဝတီ အသင်းက ဇေယျာရွှေမြေအသင်းကို ၃-၂ ဂိုးတို့ဖြင့် အနိုင်ရခဲ့သည်။

ပွဲစဉ် ၂၃ အပြီး တွင် ရန်ကုန်အသင်းက စုစုပေါင်း ပွဲစဉ် ၂၁ ပွဲကစားထားပြီး ရမှတ် ၅၁ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁ နေရာမှ ဦးဆောင်နေသည်။ အဆင့် ၂ နေရာမှ ရတနာပုံ လူငယ်အသင်းမှာ ရန်ကုန်အသင်းထက် တစ်ပွဲပို စုစုပေါင်း ပွဲစဉ် ၂၂ ပွဲကစားထားပြီး ရမှတ် ၄၈ မှတ် ရရှိထားသည်။

အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၃ ပွဲပြီးဆုံးချိန်တွင် အမှတ်ပေးဇယား အဆင့် ၂ နေရာမှ ရတနာပုံအသင်းနှင့် အဆင့် ၃ နေရာမှ MFF Youth အသင်းတို့မှာ ရမှတ် ၈ မှတ်ထိ ကွာဟနေသည်။

ထို့ကြောင့် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်ကုန်ဆုံးချိန်တွင် ချန်ပီယံဖြစ်ရန် အဆင့် ၁ နေရာမှ ရန်ကုန် အသင်းနှင့် အဆင့် ၂ မှ ရတနာပုံလူငယ်အသင်းတို့သာ ရေပန်းစားနေသည်။

သို့သော် လက်ရှိအချိန်တွင် အမှတ်ပေးဇယား ဦးဆောင်နေသော ရန်ကုန်အသင်းမှာ ရတနာပုံအသင်းထက် တစ်ပွဲလျော့၊ ရမှတ် သုံးမှတ် အသာဖြင့် ဦးဆောင်နေသော ကြောင့် ချန်ပီယံဖြစ်ရန် ရာခိုင်နှုန်း ပိုမိုများနေသည်။

လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ အောက်တိုဘာ ၁၉၊ ၂၀ ရက်များတွင် ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးရန်  ပွဲစဉ် သုံးပွဲသာ ကျန်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly