အဝေးသင် (၀ိဇ္ဇာ)အနီးကပ် ၂ ကြိမ် တက်ရန်ကိစ္စ ကျောင်းသားများ၏သဘောထား တောင်းခံသွားမည်

အဝေးသင် (၀ိဇ္ဇာ)အနီးကပ် ၂ ကြိမ် တက်ရန်ကိစ္စ ကျောင်းသားများ၏သဘောထား တောင်းခံသွားမည်
ဓာတ်ပုံ-EPA

နေပြည်တော်၊ ဇန်နဝါရီ ၂၂ ။        ။ အဝေးသင် (၀ိဇ္ဇာ) အနီးကပ် ၁၀ ရက်အစား  ၅ ရက်ဖြင့် အဝေးသင်၂ ကြိမ်ခွဲ တက်ရောက်ရန် စီစဉ်နေသည့် အပေါ် အဝေးသင်ကျောင်းသား၊ ကျောင်းသူများ၏ သဘောထားမှတ်ချက်များကို တောင်းခံသွားမည် ဖြစ်သည် ဟု ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

“ညှိုနှိုင်းနေတယ်ဆိုတာ ဒီလိုဖြစ်ရင်ကောင်းမယ်လို့ ကျွန်တော်တို့ ပထမ သင်ကြားရေးဘက်က ဆန္ဒ သဘော ထား သိရတဲ့အတွက်။ ကဲ ဒါဖြင့်ရင်လည်း သင်ဆိုပြီးတော့ ကျွန်တေ်ာတို့ ပြောလိုက်တာပေါ့။ သို့သော် ခုနက အဆင်မပြေမှုတွေ ဒါ အမှန်တကယ် ရှိနေရင် ပြန်ကြည့်ပေးဖို့ပေါ့။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးရင် ဆေးအတွက် လေးလာတာတော့ ဖြစ်လို့ မရဘူးပေါ့ဗျာ။ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ”ဟု ပညာရေး ဒုဝန်ကြီးက ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာ အဝေးသင်တက္ကသိုလ်များကို တာဝန်ခံသည့် ပါမောက္ခများ၊ ပါမောက္ခချုပ်များကို ကျောင်းသား၊ ကျောင်းသူများ၏ အသံကို ပြန်လည်နားထောင်ခိုင်းထားပြီး ညှိုနှိုင်းဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

သင်ကြားရေးအတွက် ပိုမိုအထောက်အကူဖြစ်အောင် ကာလရှည် ၁၀ ရက်အစား ၂ ကြိမ် ခွဲကာ တက်ရောက်ရန် လျာထားခဲ့သည့်အပေါ် ကျောင်းသား ၊ကျောင်းသူများ၏ အခက်အခဲများစွာကို တွေ့မြင်ခဲ့ရသည်ဟု ပညာရေး ဒုဝန်ကြီးက ဆိုသည်။

 “ကလေးတွေ ခုနက အလုပ်လုပ်တဲ့ ကလေးတွေပေ့ါနော်။ အဆင်မပြေဘူး။ ခွင့်၂ ခါ ယူရမယ်။ အဆောင် ၂ ခါ ငှားရမယ်။ ထမင်းဖိုး ၂ ခါ ပေးရမယ်။ စသဖြင့် အခက်အခဲ အများကြီး ကျွန်တော်ကြားရပါတယ်။ ကြားရတော့ ကျွန်တော်တို့ ရည်ရွယ်ချက်က ပညာသင်တာ ပိုထိရောက်အောင် ဆောင်ရွက်တယ်။ အဲ့တော့ မထိရောက်ဘူး။ ရည်ရွယ်ရင်း မမြောက်ဘူးဆိုရင်တော့ ပြန်စဉ်းစားရမှာပေါ့” ဟု ၄င်းက ပြောကြားသည်။

အဝေးသင်ပညာရေးစနစ် ၀ိဇ္ဇာဘာသာတွဲများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများအား အဝေးသင်ပညာရေး အရည်အသွေးမြင့်မားစေရန် ပုံမှန် တက်ရောက်နေရသည့် မေလတွင် ၅ ရက် တစ်ကြိမ်၊ နိုဝင်ဘာလတွင် နောက်ထပ် ၅ ရက်အဖြစ် နှစ်ကြိမ်ခွဲ တက်ရောက်ရန် ပညာရေးဝန်ကြီးဌာနမှ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စီစဉ်ခဲ့မှုအပေါ် အလုပ်တစ်ဖက်နှင့် အဝေးသင်တက်ရောက်ရသော ကျောင်းသား၊ ကျောင်းသူများက အလုပ်ခွင်အတွင်း ထိခိုက်မှုများနှင့် အဆင်မပြေမှုများစွာကို ကြုံတွေ့ရမည်ဖြစ်ကြောင်းကို ဝေဖန်ပြောဆိုခဲ့ကြ ပြီးနောက် ယင်းသို့ သဘောထား တောင်းခံသွားရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

အင်္ဂလိပ်စာဘာသာရပ်ဖြင့် တတိယနှစ်ဖြေဆိုထားသည့် ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်မျိုးဦးက “အဲ့လိုသာ ဖြစ်သွားရင် ကျောင်းတောင် ဆက်မတက်တော့ဘူး ။နားတော့မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဒီ ၅ ရက်ဆိုတာကလည်း အဝေးကနေ ကျောင်းတက်ရသူအဖို့ အဆောင်စားစရိတ်၊ စားစရိတ်၊ သွားလာစရိတ် ပေါင်းရင် အနည်းဆုံး တစ်သိန်းဝန်းကျင်ကတော့ ကုန်မှာပဲ” ဟု ပျဉ်းမနားမြို့မှ ကျောက်ဆည် အဝေးသင် တက္ကသိုလ်ထိ သွားရောက်ကာပညာသင််ကြားနေရသူက ပြောသည်။

မေလ ( ၅ ရက်) တစ်ကြိမ်တွင် သင်ခန်းစာများလေ့လာနည်း၊ စာစဉ်ဖြေနည်း၊ တင်နည်း၊ သင်ခန်းစာ မိတ်ဆက်ခြင်းတို့ကို ဆရာများနှင့် ထိတွေ့သင်ကြားစေမည် ဖြစ်ကာ နိုဝင်ဘာလ ( ၅ ရက်) တစ်ကြိမ် သင်ကြားမည့် အချိန်တွင်းမှာတော့ ပထမတစ်ကြိမ်က နားမလည်ခဲ့သည့် ဘာသာရပ်များကို ပြန်လည် မေးနိုင်သောကြောင့် ပညာရေး အရည်အသွေးပိုမိုမြင့်တက်မည်ဖြစ်ကြောင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့က နေပြည်တော် ရှိ ပညာရေးဝန်ကြီးဌာနတွင် အဆင့်မြင့်ပညာဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည််။

ယခင်က အဝေးသင်ဘာသာရပ် ဖြေဆိုရန်မေးခွန်းများကို မြန်မာပြည်အောက်ပိုင်းတွင် ရန်ကုန်မှ လည်းကောင်း၊ မြန်မာပြည်အထက်ပိုင်းအတွက် မန္တလေး တက္ကသိုလ်မှ လည်းကောင်း ထုတ်ပြီး ယခုနှစ်မှ စတင်ကာ သက်ဆိုင်ရာကျောင်းများမှ မေးခွန်းများထုတ်ကာ စစ်ဆေးရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required