ပဲခူး မဇင်းဆည်သို့ လာရောက်လည်ပတ်သူများထံမှ ပစ္စည်းလုယက်သူများကို ဖမ်းမိ

ပဲခူး မဇင်းဆည်သို့ လာရောက်လည်ပတ်သူများထံမှ ပစ္စည်းလုယက်သူများကို ဖမ်းမိ

ဇန်နဝါရီ ၁၉ ။             ။ ပဲခူးမြို့ရှိ မဇင်းဆည်သို့ လာရောက်သူများထံမှ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် အသက် ၂၀ အောက် လူငယ် ၃ ဦးနှင့် ပစ္စည်းလက်ခံရောင်းချသူ ၁ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ လ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် ပဲခူးမြို့၊ မဇင်းဆည်မြောက်ဘက် ရာဘာခြံအနီး မသင်္ကာဖွယ် လူ ၃ ဦးအား တွေ့ရှိစစ်ဆေးမေးမြန်းခဲ့ရာ နန်းတော်ရပ်ကွက်၊ ပဲခူးမြို့တွင် နေထိုင်သူများဖြစ်ကြောင်းသိရှိရပြီး အောင်ထွေး(ခ)ဖိုးအော် (၁၈)နှစ်၊ (ဘ)ဦးဝင်းရီ ထံမှ ဓားမြောင်(၁)ချောင်း၊ ဝေယံ(ခ)စိုင်းမြတ်သူ (၁၈)နှစ်၊ (ဘ)ဦးရင်မောင်အေး ထံမှ သုံးမြောင့်စကေဘာ (၁)ချောင်း၊ အောင်ကိုဦး (ခ)အောင်ငြိမ်းချမ်း (၁၉)နှစ်၊ (ဘ)ဦးချစ်ကို ထံမှ ဓားဦးချွန်(၁)ချောင်း၊ သစ်သားလေးဂွ (၁)ခု၊ စတီးကုန်းသီး (၅)လုံး၊ လောက်စာလုံး (၇)လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အမှတ်(၂)နယ်မြေရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့သည်။

၎င်းတို့ ၃ ဦးအား စစ်ဆေးချက်အရ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မဇင်းဆည်လမ်းကြားတွင် အမျိုးသားနှင့်အမျိုးသမီး ထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေဟမ်းချိန်း(၁)ခု၊ ရွှေလက်စွပ် (၁)ကွင်းတို့အား ဓားထောက် ယူဆောင်ထွက်ပြေးခဲ့ကာ သနပ်ပင်မြို့နေ အောင်ထွေး(ခ)ဖိုးအော်၏ ဦးလေး ကျော်ကျော်(ခ)ကျော်ဇင်ထွန်း (၃၈)နှစ် ထံ ရောင်းချထားကြောင်း ၊ လွန်ခဲ့သော ၁၀ ရက်ခန့်ကလည်း မဇင်းဆည်အဝင်လမ်းတွင် အမျိုးသား နှင့်အမျိုးသမီးထံမှ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၂ လုံးတို့အား ယူဆောင်ထွက်ပြေးခဲ့ကာ သနပ်ပင်မြို့နေ အောင်ထွေး (ခ)ဖိုးအော်၏ ဦးလေး ကျော်ကျော်(ခ)ကျော်ဇင်ထွန်း (၃၈)နှစ်ထံ ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။

အဆိုပါ အောင်ထွေး(ခ)ဖိုးအော်၊ ဝေယံ(ခ)စိုင်းမြတ်သူ၊ အောင်ကိုဦး(ခ)အောင်ငြိမ်းချမ်း တို့ ၃ ဦးနှင့်အတူ ပစ္စည်း လက်ခံရောင်းချသူ ကျော်ကျော်(ခ)ကျော်ဇင်ထွန်းတို့ (၄)ဦးအား ကျူးလွန်ခဲ့သည့် ဖြစ်စဉ်များမှ သက်သေခံ ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီးဖြစ်၍ ၎င်းတို့ ၃ ဦးအား ပဲခူးအမှတ်(၂)နယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly