စပိန်တွင် မီးပုံထဲ ဖြတ်ပြီး မြင်းစီးသည့်ပွဲတော် ကျင်းပ

စပိန်တွင် မီးပုံထဲ ဖြတ်ပြီး မြင်းစီးသည့်ပွဲတော် ကျင်းပ

ဇန်နဝါရီ ၁၈ ။             ။ စပိန်နိုင်ငံ၊ အဗီလာပြည်နယ်၊ San Bartolome de Pinares ရွာမှာ နေထိုင်တဲ့ ဒေသခံတွေစုပေါင်းပြီး လူမီနာရီယက်စ်ပွဲတော်ကို များမကြာမီက ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ၊ ၁၆ ရက်မှာ ကျင်းပလေ့ရှိတဲ့ လူမီနာရီယက်စ်ပွဲတော်မှာ မြင်းစီးသမားတွေဟာ မီးပုံကို ဖြတ်ကျော်ပြီး မြင်းစီးလေ့ရှိကြတာဖြစ်ပါတယ်။

ယင်းကဲ့သို့ မီးပုံကိုဖြတ်ကျော်ပြီး မြင်းစီးတာဟာ မြင်းတွေကို ရောဂါဘယတွေ ကင်းဝေးစေနိုင်သလို မြင်းစီးသမားတွေကိုလည်း ကျန်းမာသန်စွမ်းစေတယ်လို့ ဒေသခံတွေက ယုံကြည်ထားကြတာဖြစ်ပါတယ်။

အဆိုပါပွဲတော်ကို ၁၀၀၀ ဘီစီခန့်က ဆက်စ်လူမျိုးတွေ စတင်ကျင်းပလာတယ်လို့ ခန့်မှန်းသိရှိရကြောင်း၊ ရိုးရာဓလေ့ကို မပျောက်ကွယ်စေချင်တဲ့သူတွေက ဦးစီးပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပနေတာဖြစ်ကြောင်း အသက် ၆၄ နှစ်ရှိ ဒေသခံတစ်ဦးကပြောပါတယ်။

“ကျွန်တော်တို့လည်း အဖိုးအဖွားတွေ၊ မိဘတွေကို မေးတာပဲ။ ဒီပွဲကို ဘယ်ခေတ်က စလုပ်ခဲ့တာလဲဆိုတာ ဘယ်သူမှ အတိအကျမပြောနိုင်ကြဘူး။ သမိုင်းကြောင်းထဲမှာလည်း မရှိဘူး။”လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဆေစ်က ပြောပါတယ်။

မြင်းတွေရဲ့အမြှီးတွေကို သေချာရစ်ပတ်ထားပြီးမှ ပွဲတော်မှာ ပါဝင်ဆင်နွှဲစေတာဖြစ်ပြီး မီးပုံကိုမဖြတ်ရဲတဲ့ မြင်းတွေကို မီးပုံထဲ အတင်းအကြပ်သွားခိုင်းတာမျိုး မရှိဘူးလို့ သိရပါတယ်။

မြင်းစီးသမားတွေ မြင်းစီးပြီး မီးပုံကို ဖြတ်ကျော်အပြီးမှာ ဒေသခံတွေဟာ ညလုံးပေါက် အသားကင်စားပြီး ပျော်ပျော်ပါးပါးဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly