အမေရိကန်အောက်လွှတ်တော်ဥက္ကဌရဲ့ နိုင်ငံခြားခရီးစဉ်အတွက် စစ်တပ်လေယာဉ် အသုံးပြုခွင့်ပေးဖို့ ဒေါ်နယ်ထရမ့် ငြင်းဆန်

အမေရိကန်အောက်လွှတ်တော်ဥက္ကဌရဲ့ နိုင်ငံခြားခရီးစဉ်အတွက် စစ်တပ်လေယာဉ် အသုံးပြုခွင့်ပေးဖို့ ဒေါ်နယ်ထရမ့် ငြင်းဆန်

ဇန်နဝါရီ ၁၈ ။              ။ အမေရိကန်အစိုးရလုပ်ငန်းတစ်ချို့ ရပ်ဆိုင်းထားရမှုနဲ့ပတ်သက်လို့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အောက်လွှတ်တော်ဥက္ကဌ နန်စီ ပလိုစီ တို့အကြား တင်းမာမှုတွေ ပိုမို မြင့်တက်သထက် မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။

ယခုအခါမှာတော့ လွှတ်တော်ဥက္ကဌ နန်စီ ပလိုစီရဲ့ နိုင်ငံခြား ခရီးစဉ်တစ်ခုအတွက် စစ်လေယာဉ် အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၁၇ ရက်မှာ စာထုတ်တားမြစ်လိုက်ပါတယ်။

လက်ရှိ အစိုးရယန္တရားတစ်ချို့ တန့်ရပ်နေချိန် သမ္မတထရမ့်အနေနဲ့ နိုင်ငံတော် မိန့်ခွန်းပြောကြားမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ ဒီမိုကရက်တစ် ခေါင်းဆောင် နန်စီက အကြံပေးခဲ့တဲ့နောက် ယင်းအပေါ် ပြန်လည်လက်တုန့်ပြန်တဲ့အနေနဲ့ ထရမ့်ဘက်က ယခုလို လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

လက်ရှိ အစိုးရယန္တရား တစ်ချို့ ရပ်ထားရချိန် လွှတ်တော်ဥက္ကဌ နန်စီ အနေနဲ့လည်း ဘယ်လ်ဂျီယံ၊ အီဂျစ်နဲ့ အာဖဂန်နစ္စတန် တို့ကို သွားရောက်မယ့် ခရီးစဉ်ကိုလည်း ရွှေ့ဆိုင်းရမည်ဖြစ်ကြောင်း ထရမ့်က နန်စီထံ လိပ်မူပေးပို့တဲ့ စာတစ်စောင်ထဲမှာ ပြောထားပါတယ်။

ဒီမိုကရက်တစ် ခေါင်းဆောင် နန်စီ ပလိုစီဟာ အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေဆီ သွားတွေ့ဖို့ စီစဉ်ထားပြီး ဘရက်ဆဲလ်ကိုလည်း သွားရောက်ဖို့ ရှိနေတာဖြစ်ပါတယ်။။

" ခု လောလောဆယ် လုပ်ငန်းဌာနတစ်ချို့ ရပ်ထားရချိန်မှာ ခင်ဗျားရဲ့ ဘရက်ဆဲလ်၊ အီဂျစ်၊ အာဖဂန်နစ္စတန် ခရီးစဉ်ကိုလည်း ရွှေ့ဆိုင်းသင့်တယ်ဆိုတာ ကျွန်တော် စိတ်မကောင်းစွာနဲ့ အသိပေးလိုပါတယ်"ဆိုပြီး ထရမ့်က ရေးသားထားပါတယ်။

ခုလို စစ်ဘက်လေယာဉ် အသုံးပြုခွင့် မပေးပေမယ့်လည်း သူမအနေနဲ့ ပြင်ပ လေကြောင်းလိုင်းတစ်ခုခု နဲ့ သွားလိုပါက သွားနိုင်ကြောင်း ထရမ့်က ပြောထားခဲ့သေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly