ကိုလံဘီယာမှာ ရဲသင်တန်းကျောင်း ကားဗုံးခွဲတိုက်ခိုက်ခံရပြီး လူ ၂၁ ဦးထက်မနည်း သေဆုံး

ကိုလံဘီယာမှာ ရဲသင်တန်းကျောင်း ကားဗုံးခွဲတိုက်ခိုက်ခံရပြီး လူ ၂၁ ဦးထက်မနည်း သေဆုံး

ဇန်နဝါရီ ၁၈ ။             ။ ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုမှာ ဇန်နဝါရီ ၁၇ ရက်က ကားဗုံးခွဲတိုက်ခိုက်မှု တစ်ခု ဖြစ်ပြီး လူပေါင်း ၂၁ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

ယင်းတိုက်ခိုက်မှုမှာ အခြားလူပေါင်း ၆၈ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားပါတယ်။

အဆိုပါ ကားဗုံးခွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်ကတော့ ဘိုဂိုတာမြို့တော်မှာ ၁၆ နှစ်တာအတွင်း အဆိုးရွားဆုံးသော တိုက်ခိုက်ခံရမှုလည်း ဖြစ်လာခဲ့ပါတယ်။

အဆိုပါ ရဲသင်တန်းကျောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်ပြီးနောက် ကိုလံဘီယာအစိုးရကတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ် သုံးရက်တာ သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ယင်း ဖြစ်စဉ်မှာ ဖောက်ခွဲရေးပစ္စည်း ၈၀ ကီလိုဂရမ်ခန့် တင်ဆောင်လာခဲ့တဲ့ ကားတစ်စီးကို သုံးပြီးတော့ ယခု အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်သွားခြင်း ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

" ကံမကောင်းစွာနဲ့ပဲ ခုတိုက်ခိုက်ခံရမှုမှာ ၂၁ ဦးထိ သေဆုံးခဲ့ရပါတယ်၊ အခြား ၆၈ ဦးလည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်"ဆိုပြီး ကိုလံဘီယာ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော်တာဝန်ခံထားခြင်း မရှိသေးပါဘူး။

ယင်း ဖြစ်စဉ်ဖြစ်ပြီးနောက် ကိုလံဘီယာသမ္မတ အိုင်ဗန် ဒူကွီးကလည်း နိုင်ငံသားအားလုံးအနေနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်ပြီး အတူတကွ စည်းလုံးညီညွတ်ကြရမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly