ဇင်ဘာဘွေမှာ လောင်စာဆီစျေး နှစ်ဆတက်တာကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားရာ လူရာပေါင်းများစွာကို ဖမ်းဆီးထား

ဇင်ဘာဘွေမှာ လောင်စာဆီစျေး နှစ်ဆတက်တာကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားရာ လူရာပေါင်းများစွာကို ဖမ်းဆီးထား

ဟာရာရီ၊ ဇန်နဝါရီ ၁၇ ။           ။ ဇင်ဘာဘွေနိုင်ငံမှာ လောင်စာဆီစျေးတက်တာကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး ဗုဒ္ဓဟူးနေ့မှာဆိုရင် ဖမ်းဆီးထားသူ လူ ၇၀ ခန့်ကို မြို့တော်ဟာရာရီက ရာဇဝတ်ခုံရုံးဆီ တရားစီရင်ဖို့ ခေါ်ဆောင်လာတာကို မြင်တွေ့ရပါတယ်။

 စီးပွားရေး ကပ်ဆိုက်နေတဲ့ ဇင်ဘာဘွေနိုင်ငံမှာ သမ္မတ အမ်မာဆန်မန်ဂါဝါဟာ လောင်စာဆီစျေး နှစ်ဆတက်ဖို့ လုပ်ဆောင်လာတာကနေ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားလာတာဟာ သုံးရက်မြောက် ရှိလာပါပြီ။

 ဒီဆန္ဒပြမှုတွေအတွင်းမှာ လူငါးဦး သေဆုံးပြီး ဒဏ်ရာရသူ များစွာရှိနေကာ ဖမ်းဆီးထားသူက ၆၀၀ ကျော်ထက်မနည်း ရှိနေပါတယ်။

ဆန္ဒပြပွဲတွေမှာ ဦးဆောင်နေတဲ့ တက်ကြွလှုပ်ရှားသူ အီဗန်မာဝါရီရီကိုလည်း ဟာရာရီက နေအိမ်မှာ လက်နက်ကိုင်ရဲတွေက လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းရဲ့ အစ်မဖြစ်သူက ပြောပါတယ်။

 အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ တနင်္လာနေ့မှာ စတင်ဖြစ်ပွားပေါ်ပေါက်လာတာဖြစ်ပြီး လုံခြုံရေးတပ်တွေရဲ့ ဖြိုခွင်းမှုအတွင်း အနည်းဆုံး လူငါးဦး ပစ်သတ်ခံရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဟာရာရီနဲ့ အခြားမြို့ငယ်နှစ်မြို့မှာ ဆန္ဒပြသူတွေဟာ လမ်းတွေကို ပိတ်ဆို့တာ၊ စျေးဆိုင်ခန်းတွေကို လုယက်တာအပြင် ရဲစခန်းတစ်ခုကိုလည်း မီးရှို့ပြီးနောက်မှာ လုံခြုံရေးတပ်တွေဟာ ကျည်အစစ်၊ ရာဘာကျည်နဲ့ မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးပြီး နှိမ်နင်းလာတော့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly