အာဖဂန်အဆို ပြိုင်ပွဲမှာ ကနေဒါဝန်ကြီးချုပ်နဲ့ ချွတ်စွပ်တူတာကြောင့် နာမည်ကြီးနေသူ

အာဖဂန်အဆို ပြိုင်ပွဲမှာ ကနေဒါဝန်ကြီးချုပ်နဲ့ ချွတ်စွပ်တူတာကြောင့် နာမည်ကြီးနေသူ

ကဘူးလ်၊ ဇန်နဝါရီ ၁၅  ။              ။ စစ်ပွဲဒဏ်သင့် အာဖဂန်နစ္စတန်နိုင်ငံက မဖြစ််ဖြစ်တဲ့ကြားက ကျင်းပတဲ့ အဆိုပြိုင်ပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်သူတစ်ဦးဟာ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်းထရူဒိုနဲ့ ခွဲမရအောင် ချွတ်စွပ်တူတာကြောင့် နာမည်ကြီးနေပြီး ပြိုင်ပွဲမှာ ဆုရဖို့လည်း အလားအလာ ရှိနေပါတယ်။

ဘက်ဒက်ရှန်းပြည်နယ် တောရွာဇနပုဒ်က မင်္ဂလာဆောင်တွေမှာ လိုက်လံသီဆိုတဲ့ အဒူဆာလမ်မက်သွန်ဟာ Afghan Star အဆိုပြိုင်ပွဲမှာ မဝင်ပြိုင်ခင်အထိ ဂျက်စတင်းထရူဒိုကို သိတဲ့သူ တစ်ဦးတော့ မဟုတ်ပါဘူး။

အဆိုပြိုင်ပွဲရဲ့ ဒိုင်တစ်ဦးက ချီးမြှောက်ရင်း ပြောတော့မှာ သူနဲ့တူသူဟာ ကနေဒါဝန်ကြီးချုပ်မှန်း သိတော့တာပါ။

မျက်နှာရှည်ရှည်၊ အညိုရောင်ဆံပင်နဲ့ မျက်လုံး ညိုညိုနဲ့ အသက် ၂၉ နှစ်ရှိ မက်သွန်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေကြား ဆွဲဆောင်မှု အရှိဆုံးသူ တစ်ဦးဖြစ်တဲ့ ဂျက်စတင်းထရူဒိုနဲ့ တူတယ်လို့ အပြောခံရတာကနေ အမေရိကန်အိုင်ဒေါလို အဆိုပြိုင်ပွဲတစ်ရပ်ဖြစ်တဲ့ Afghan Star ပြိုင်ပွဲမှာ vote တွေ များများရလာဖို့ မျှော်လင့်လျက်လည်း ရှိနေပါတယ်။

“လူတွေက ကျွန်တော် နာမည်ကို မေ့သွားပြီး ဂျက်စတင်းထရူဒိုလို့ပဲ ခေါ်နေတော့တယ်။ လူမှုမီဒီယာမှာ ဓာတ်ပုံတွေ မတွေ့သေးခင်အထိ ကျွန်တော်ဟာ ဂျက်စတင်းထရူဒိုအကြောင်း မသိခဲ့ပါဘူး။ ခုလို သူနဲ့ ချွတ်စွပ်တူနေတာက ပြိုင်ပွဲမှာ ကျွန်တော်အနိုင်ရဖို့ ၅၀ ရာခိုင်နှုန်းလောက် အလေးသာမယ်လို့ မျှော်လင့်ပါတယ်။”လို့ ရှေ့သွားနှစ်ချောင်းကို ရွှေကွပ်ထားတဲ့ မက်သွန်က ပွင့်လင်းတဲ့ အပြုံးနဲ့အတူ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly