ပီအက်စ်ဂျီအသင်း ကြယ်ပွင့်ကစားသမားများက ပြင်သစ်ချန်ပီယံအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်မှာ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ပုံစံသစ်ကို သတိထားကြရမှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တို့ဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ မန်ချက်စတာမြို့မှာ ပထမအကျော့ တွေ့ဆုံမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မတ် ၆ ရက်မှာ ပြင်သစ်မြို့တော်မှာ ပြန်လည် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ယူနိုက်တက်ဟာ စပါးအသင်းကို အနိုင်ကစားခဲ့ပြီး ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ စံချိန်တင် ၆ ပွဲဆက် အနိုင်ရလဒ်ကြောင့် ပီအက်စ်ဂျီကစားသများက အခုလို မှတ်ချက်ပေးခဲ့တာပါ။
“မော်ရင်ဟို ထွက်ခွာသွားပြီးနောက် မန်ချက်စတာယူနိုက်တက်မှာ အားအင်သစ်တစ်ခု ရှိတယ်လို့ ကျနော် ထင်ပါတယ်။”လို့ တိုက်စစ်မှူး ကာဗာနီက ကာတာရှိ ဒိုဟာမြို့က ပီအက်စ်ဂျီအသင်းရဲ့ ဆောင်းရာသီလေ့ကျင့်ရေးစခန်းမှာ ပြောဆိုသွားပါတယ်။
“သူတို့ဟာ နိုင်ပွဲတွေနဲ့ စတင်ခဲ့ပြီး နောက်ထပ်လည်း ဆက်ပြီးလာပါအုံးမယ်။”
ချန်ပီယံလိဂ်ဆုဖလား ၃ ကြိမ်ဆွတ်ခူးထားတဲ့ မန်ယူဟာ “တောင့်တင်းခိုင်မာတဲ့ အစုအဖွဲ့”တစ်ခုဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်တွေအတွက် မဲခွဲချိန်က ပီအက်စ်ဂျီအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံပြေးပွဲမှာ အခြေအနေမကောင်းတဲ့ ယူနိုက်တက်အသင်းကို အနိုင်ရမယ်လို့ အပြတ်အသတ် ရေးပန်စားတယ်လို့ အများက ထင်ကြေးပေးထားပါတယ်။
ဒါပေမယ့် ဒီဇင်ဘာလမှာ မော်ရင်ဟိုကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီး ဆိုးလ်ရှားနဲ့ အစားထိုးခဲ့တဲ့နောက်ပိုင်း ယူနိုက်တက်ဟာ အသွင်ပြောင်းသွားတဲ့ အသင်းတစ်သင်းဖြစ်လာပါတယ်။
အဓိက အပြောင်းအလဲကတော့ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ပေါလ်ပေါ့ဘာဖြစ်ပြီး သူ့ရဲ့ ပြင်သစ်အသင်းဖော်ကစားသမား အမ်ဘာပေက ယူနိုက်တက်မှာ “တောင့်တင်းတဲ့ လူစာရင်း”ရှိတယ်လို့ ဆိုပါတယ်။
“မန်ချက်စတာယူနိုက်တက်ဟာ အမြဲတမ်း ထိပ်တန်းအသင်းတစ်သင်းဖြစ်တယ်လို့ ကျနော် မြင်ပါတယ်။”လို့ အမ်ဘာပေက ပြောပါတယ်။
“ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းနဲ့ဖြစ်ဖြစ် ကစားဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ အကောင်းဆုံးတွေကို လုပ်ဆောင်သွားမှာပါ။”
(AFP)