ဗန်းမော်မြို့တွင် ဆီဘောက်ဆာယာဉ် မီးလောင်ပေါက်ကွဲမှုကြောင့် အမျိုးသား ၃ ဦးသေ၊ ၂ ဦး ဒဏ်ရ

ဗန်းမော်မြို့တွင် ဆီဘောက်ဆာယာဉ် မီးလောင်ပေါက်ကွဲမှုကြောင့် အမျိုးသား ၃ ဦးသေ၊ ၂ ဦး ဒဏ်ရ
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ဇန်နဝါရီ ၁၄ ။              ။ ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာအနီးတွင် ဆီထည့်စဉ် ဆီဂေါက်နှင့် ဆီထည့်သည့်အပေါက် ပွတ်တိုက်မိရာမှ ၁၂ ဘီး ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၃ ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ရက်နေ့တွင် မြစ်ကမ်းမှ ဆိုက်ကပ်ထားသည့် ပုဂ္ဂလိကပိုင် အေးချမ်းခွန်အား (၃) သင်္ဘောပေါ်မှ DENKO ကုမ္ပဏီပိုင် ဒီဇယ်ဆီများအား ကမ်းပေါ်တွင်ရပ်ထားသော ယာဉ်မောင်းဖြစ်သူ အောင်ထွန်းမြတ် (၄၅)နှစ်နှင့် ယာဉ်နောက်လိုက် သက်နောင်ဦး (ခ)တရုတ်ကြီးတို့၏ ၁၂ ဘီး ဂါလံ ၅၀၀၀ ဆံ့ ဆီဘောက်ဆာယာဉ်ကို သန်းထိုက်အောင်(ခ) အောင်သန်းထိုက်(ခ)အာကာ (၂၃)နှစ်မှ ဆီထည့်စဉ် ဆီဂေါက်နှင့် ဆီထည့်သည့်အပေါက် ပွတ်တိုက်မိ၍  မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းမီးလောင်ပေါက်ကွဲမှုကြောင့် အဆိုပါ ယာဉ် တစ်စီးနှင့် ဒီဇယ်ဆီ ၄၅၀ ဂါလံခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ဆယ်နာရီ ဝန်းကျင်ခန့်တွင် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ပေါက်ကွဲမှုကြောင့် ဆီဖြည့်သူ သန်းထိုက်အောင်(ခ) အောင်သန်းထိုက် (ခ)အာကာအပါအဝင် အမျိုးသား၂ ဦးသည် အခင်းဖြစ်နေရာတွင်  မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ အမျိုးသား ၃ ဦး မီးလောင် ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ပြီး DENKO ကုမ္ပဏီဝန်ထမ်း ထွန်းထွန်းဝင်း သည် ဗန်းမော်ပြည်သူ့ဆေး ရုံကို ပို့ဆောင်စဉ် ထပ်မံသေဆုံးသွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် ဆီဖြည့်သူ သန်းထိုက်အောင်(ခ)အောင်သန်းထိုက်(ခ) အာကာ (သေဆုံး)အား စင်းခန်း နယ်မြေရဲစခန်း(ပ) ၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly