တွစ်တာစွမ်းပကားကြောင့် ထိုင်းမှာ ခိုလှုံနေတဲ့ ဆော်ဒီမိန်းကလေး ကနေဒါမှာ နေထိုင်ခွင့်ရ

By AFP
12 January 2019
တွစ်တာစွမ်းပကားကြောင့် ထိုင်းမှာ ခိုလှုံနေတဲ့ ဆော်ဒီမိန်းကလေး ကနေဒါမှာ နေထိုင်ခွင့်ရ

ဘန်ကောက်၊ ဇန်နဝါရီ ၁၂ ။          ။ မိသားစုထံကနေ ထွက်ပြေးလာတဲ့ အသက် ၁၈ နှစ်ရှိ ဆော်ဒီအာရေဗျနိုင်ငံသူ ရာဟတ်မိုဟာမတ်ကူနန်ဟာ တွစ်တာစွမ်းပကားကြောင့် ခုဆိုရင် ထိုင်းနိုင််ငံကနေ ဘေးကင်းလုံခြုံစွာ ထွက်ခွာပြီး ကနေဒါနိုင်ငံဆီ ဦးတည်သွားရောက်နေပါပြီ။

ရှေးရိုးစွဲ ဆော်ဒီအာရေဗျနိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ ကူနန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှာ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေတနင်္ဂနွေမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးက ကူနန်ကို သူ့ရဲ့ မိသားစုတွေ ရောက်ရှိနေရာ ကူဝိတ်ဆီ ပြန်ပို့မယ်လို့ အစောပိုင်းက ပြောဆိုထားခဲ့တာပါ။

ဒါပေမယ့် ကူနန်ဟာ စမတ်ဖုန်းကို လက်နက်သဖွယ် ဆွဲကိုင်ပြီး တွစ်တာ အကောင့်တစ်ခု ဖွင့်ခဲ့ပါတယ်။ မိဘတွေထံ ပြန်ပို့မခံရအောင် ဘန်ကောက်လေဆိပ် ဟိုတယ်ခန်းမှာ အလုံပိတ်ပြီးနေရင်း သူရဲ့ အတိဒုက္ခကို တွစ်တာပေါ် ရေးတင်လိုက်ရာက ကမ္ဘာတစ်လွှားမှာ #SaveRahaf ဆိုတဲ့ တွစ်တာလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ကူနန်ဟာ မိသားစုတွေရဲ့ အနိုင်ကျင့်မတော်မရော် ပြုကျင့်တာကို ကြုံတွေ့ခံစားနေရတယ်လို့ ဆိုပါတယ်။ သူ့မိသားစုဝင်တွေကတော့ မဟုတ်ကြောင်း ငြင်းထားပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရတော့ ကူနန်ဟာ အစ္စလာမ်ဘာသာကို စွန့်ပယ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။  ဒီလို အစ္စလာမ်ဘာသာကို စွန့်ပစ်ရင် တရားစီရင်ခံရတဲ့ဘေး ရှိနေတာပါ။

ခုလိုမျိုး ကူနန်အတွက် တွစ်တာကနေ လှုပ်ရှား အရေးဆိုမှုတွေ ရှိလာပြီးနောက်မှာတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ဟာ နိုင်ငံတွင်းမှာ ကူနန်ဟာ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ကြောင်း သဘောထားပြောင်းလဲ ခွင့်ပြုလိုက်ပါတယ်။

ကူနန်ဟာ ပထမပိုင်းမှာ သြစတြေးလျမှာ နိုင်ငံမှာ ခိုလှုံဖို့ ရည်သန်ထားပေမယ့် ခုမှာတော့ ကနေဒါကို ရွေးချယ်ပြီး နိုင်ငံရေးခိုလှုံခွင့် ရရှိကာ သွားရောက်နေထိုင်ပြီ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly