အင်ဒိုနီးရှားတောမီးပြဿနာတွင် ကူညီပေးလိုစိတ် ပြင်းပြင်းပြပြရှိနေကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးပြော

အင်ဒိုနီးရှားတောမီးပြဿနာတွင် ကူညီပေးလိုစိတ် ပြင်းပြင်းပြပြရှိနေကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးပြော

အိမ်နီးချင်းနိုင်ငံများတွင် မီးခိုးပိတ်ဖုံးမှုများဖြစ်ပေါ်စေသည့် အင်ဒိုနီးရှားတောမီးလောင် ကျွမ်းမှုပြဿနာအား ကိုင်တွယ်ဖြေရှင်းရေးတွင် ကူညီပေးလိုစိတ် ပြင်းပြင်းပြပြရှိနေကြောင်း မလေးရှားကာကွယ်ရေး ဝန်ကြီး ဟီရှမ်မတ်ဒင်ဟူစိန်က စက်တင်ဘာ ၂၉ ရက်တွင် ပြောလိုက်ပြီး စင်ကာပူက ၎င်းနှင့်အဆင့်တူများနှင့် ယင်းကိစ္စရပ်အား တိုင်ပင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားတောမီးပြဿနာကို စင်ကာပူက ကူညီလျက်ရှိသလို မလေးရှားကလည်း ပါဝင်ကူညီမည်လားဆိုသည့် မေးခွန်းအား ဝန်ကြီးဟူစိန်က ယခုကဲ့သို့ ပြန်လည်ဖြေကြား လိုက်ခြင်းဖြစ်သည်။

"ကျွန်တော်က ပိုပြီးတောင် ကူညီချင်ပါတယ်။ မီးခိုးငွေ့တွေဒဏ်ကို ကျွန်တော်လည်း ခံစားရတာပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်မှာကလည်း ပန်းနာရင်ကျပ်ရှိနေလို့ပါ။"ဟု ၎င်းက ပြောပြီး "တကယ်ရှေ့ဆက်မယ်ဆိုရင် ကျွန်တော်က စင်ကာပူက ဝန်ကြီးတွေ အင်ဒိုနီးရှားကို ဘယ်လိုဘယ်ပုံ ကူညီနေကြတယ်ဆိုတာ ကျွန်တော် ကြည့်ပါမယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့ ဘောင်အတွင်း ကဆိုရင် ကျွန်တော်တို့လည်း ဒီမီးခိုးဒုက္ခကို ကြုံတွေ့နေရတာပဲမို့ ကူညီသွားရမှာပဲဖြစ်ပါတယ်။"ဟု ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံသုံးနိုင်ငံလုံးအတွက် မီးခိုးငွေ့ဒုက္ခကို ကိုင်တွယ်ဖြေရှင်းရေးက ဒေသတွင်းအားထုတ်မှုများလိုအပ်ကြောင်း၊ အကယ်၍ လေးဖင့်နေမည်ဆိုပါ အပြန်အလှန် နားလည်မှု လွဲမှားမှုများသို့ ဦးတည်သွားနိုင်ကြောင်းလည်း ဟူစိန်က ပြောသည်။ စင်ကာပူ၏ အကူအညီနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားနှင့် စင်ကာပူအကြား အပြန်အလှန်ဆက်ဆံမှုများကို ၎င်းက ရည်ညွန်းပြောဆိုခြင်းဖြစ်သည်။

"တကယ်လို့ ယင်းပြဿနာအား ကိုင်တွယ်ရေး လေးဖင့်နေမယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးတွေအပေါ်မှာ ရိုက်ခတ်လာမှာပါ။ ဒီပြဿနာက နှစ်နိုင်ငံတည်းက ဖြေရှင်းရမှာမဟုတ်ရင် အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားသုံးနိုင်ငံကြားမှာ ဖြေရှင်းသွားရမယ့် ဒေသတွင်းပြဿနာဖြစ်ပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly