ပထမဆုံး ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်း(ECBT) ဆင်စခန်းအား ဗိုလ်ချုပ်မွေးနေ့တွင် ဖွင့်လှစ်မည်

ပထမဆုံး ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်း(ECBT) ဆင်စခန်းအား ဗိုလ်ချုပ်မွေးနေ့တွင် ဖွင့်လှစ်မည်
ဓာတ်ပုံ - ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်း(ECBT) ဆင်စခန်း

မကွေး၊ ဇန်နဝါရီ ၁၀ ။           ။ မကွေးတိုင်းဒေသကြီးမင်းဘူး ခရိုင်အတွင်းရှိ ရွှေစက်တော်ဘုရားအနီး (၈)မိုင်လမ်း ပဒေါင်းကြိုးပြင်ကာ ကွယ်တောအတွင်းရှိ ပထမဆုံး ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်း(ECBT) ဆင်စခန်းအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း မင်းဘူးခရိုင်သစ်ထုတ်ရေးလုပ်ငန်းမှ လက်ထောက်တာဝန်ခံ ဦးလှသန်းက ပြောသည်။

အဆိုပါ ဆင်စခန်းကို ရွှေစက်တော်သို့သွားသည့် (၈)မိုင်လမ်းဘေး မိုင်တိုင်အမှတ် (၅မိုင်၃ဖာလုံ)နှင့် (၅မိုင်ဝ) ဖာလုံကြား သံပုရာကိုင်းကျေးရွာအနီးတွင် တည်ဆောက်ထားပြီး ကနဦး ခန့်မှန်းကုန်ကျငွေကျပ် ( ၃၀၄၄၇၂၀၀ ) ကုန်ကျခံထားကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“ဆင်စခန်းကို ၂၀၁၉ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလ ဖေဖော်ဝါရီ (၁၃) ရက် ဗိုလ်ချုပ်အောင် ဆန်း မွေးနေ့မှာ စတင်ဖွင့်လှစ်သွားမယ်။ ယခုလက်ရှိ ဆင်အကောင်ရေ (၈) ကောင် ၊ဆင် အထီး (၄)ကောင်၊ ဆင်အမ (၄) ကောင် ရောက်ရှိနေပြီး နောက်ထပ် ဆင်အကောင်ရေ (၇) ကောင်အပါအဝင် စုစုပေါင်း ဆင် (၁၅) ကောင်နဲ့ ဆောင်ရွက်သွားမယ်”ဟု ဆင်စခန်းတာဝန်ခံ မင်းဘူးခရိုင်သစ်ထုတ်ရေးမှ လက်ထောက် တာဝန်ခံ ဦးလှသန်းက ပြောသည်။

၂၀၁၉ခုနှစ် မန်းရွှေစက်တော် ဗုဒ္ဓပူဇေနိယဘုရားပွဲတော်အား လာမည့် ဖေဖော်ဝါရီလ (၉)ရက်နေ့မှ ဧပြီလ (၁၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သောကြောင့် ဆင်စခန်းဖွင့်လှစ်ပြီးပါက မန်းရွှေစက်တော်သို့ အနယ် နယ်အရပ်ရပ်မှ ဘုရားဖူးလာမည့်သူများအနေဖြင့်  ဆင်စီး၍ သဘာဝရှုခင်းများကို လည်ပတ်ကြည့်ရှု နိုုင််မည် ဖြစ်ပြီး ဆင်စခန်းတွင် အပန်းဖြေအနားယူမှုများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဆင်စီးချိန််ကို နံနက် (၈) နာရီမှ နေ့လယ် (၁၁) နာရီထိ သတ်မှတ််ထားပြီး ဆင်စီးခ အဖြစ်တစ်ဦးလျှင် ကျပ်(၅၀၀၀) သတ်မှတ်ထားပါတယ်။ ဆင်စခန်းကွင်းဝင်ကြေးအဖြစ် တစ်ဦးလျှင် တစ်ထောင်ကျပ်နှုန်း သတ်မှတ်သွား မှာဖြစ်ပြီး ညအိပ်တည်းခိုသူများမှ အပ လာရောက် လည်ပတ်သူများအား အချိန် ကန့်သတ် ပေးသွားနိုင်ခြေရှိပါတယ်။ တည်းခိုဆောင် နှုန်းထားများကိုလည်း ပွဲတော်ချိန်အမှီ သတ်မှတ် ပေးသွားမှာ ဖြစ်ပါတယ်။ဆင်စာအတွက်လည်း တစ်ထောင်ကျပ်နှုန်းနဲ့ ကျွေးနိုင်အောင်ရောင်းချပေးသွားမှာ ဖြစ်ပြီး ရရှိလာတဲ့ ဝင်ငွေများကိုလည်း ပြည်ထောင်စု ဘတ်ဂျက်ထဲကို ပြန်လည်ထည့်သွင်းပေးသွားမည် ဖြစ်ပါတယ်” ဟု ဆင်စခန်းတာဝန်ခံ ဦးလှသန်းက ပြောသည်။

အဆိုပါ ဆင်စခန််းသည် မန်းရွှေစက်တော်ရာဘုုရားပွဲတော်သို့သွားသည့် (၈)မိုင်ကားလမ်းဘေး၊ မန်း ရွှေစက် တော်ရာဘုရားနှင့် (၃) မိုင်ခန့်အကွာတွင်တည်ရှိပြီး ဘုရားဖူးပြည်သူများ လွယ်လင့်တကူ သွားရောက်နိုင်မည့် နေရာတစ်ခုဖြစ်ကြောင်း ထို့အပြင် လုံးချင်းတည်းခိုဆောင်များ ရေချိုးခန်း၊ဗိုလ်ထိုင်တွဲလျှက် တည်ဆောက် ပေးထားသောကြောင့် ခရီးသွားများအနေဖြင့် ဆယ့်နှစ်ရာသီညအိပ်တည်းခိုနိုင်တာကြောင်း နောက်တချိန်တွင် ခရီးသွားပြည်သူများဖြင့် စည်ကားနိုင်သည့်နေရာ ဖြစ်လာနိုင်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ခန့်မှန်းထားသည်။

လက်ရှိတွင် တစ်နိင်ငံလုံး၌ ဆင်စခန်း(၁၉)ခုရှိပြီး မကွေးတိုင်းဒေသကြီးအတွင်း သစ်ထုတ်လုပ်ရေး ဆင် (၂၀၄) ကောင်ရှိသော်လည်း ဆင်စခန်း မရှိသေးကြောင်း၊ သစ်ထုတ်လုပ်ငန်းများလျော့ချထားသည့်အတွက် သစ်ထုတ် လုပ်ရေးတွင် အသုံးပြုနေသော ဆင်များကို အကျိုးရှိစွာအသုံးချနိင်ရေးအတွက် ဆင်အခြေပြု ခရီးသွားလုပ်ငန်း ဖြင့် ပြည်တွင်းပြည်ပဧည့်သည်များကို ဆွဲဆောင်နိင်ရန် ဆင်စခန်းဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly