ယီမင်တွင် မင်္ဂလာဆောင်ပွဲတိုက်ခိုက်မှု သေဆုံးသူပေါင်း ၁၃၀ ကျော်

ယီမင်တွင် မင်္ဂလာဆောင်ပွဲတိုက်ခိုက်မှု သေဆုံးသူပေါင်း ၁၃၀ ကျော်

ယီမင်နိုင်ငံအတွင်း မင်္ဂလာဆောင်အခမ်းအနားတစ်ခုသို့ လေကြောင်းမှတိုက်ခိုက်ခြင်းဖြစ်ဖွယ်ရှိသည့် တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူပေါင်းသည် ၁၃၁ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂနှင့် ဒေသတွင်းကျန်းမာရေးဝန်ထမ်းများက ပြောသည်။

ပင်လယ်နီဆိပ်ကမ်းမြို့ မိုချာတွင် ဟူသီသူပုန်လှုပ်ရှားမှုနှင့် ချိတ်ဆက်မှုရှိသူတစ်ဦး မင်္ဂလာဆောင်စဉ် ဒုံးကျည်များဖြင့် လှမ်းတိုက်ခိုက်ခံရကာ ရွာအတွင်းရှိ ရွက်ဖျင်တဲအိမ်နှစ်လုံး ထိမှန်ခဲ့ခြင်းဖြစ်သည်။

သို့သော် လွန်ခဲ့သည့် ခြောက်လခန့်မှစကာ သူပုန်များကို ဗုံးကြဲတိုက်ခိုက်နေသည့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့များက ယခုမင်္ဂလာဆောင်အခမ်းအနားတိုက်ခိုက်ခံရမှုကို ၎င်းတို့နှင့် မပတ်သက်ကြောင်း ငြင်းဆန်ထားသည်။

ကုလသမဂ္ဂက ယီမင်နိုင်ငံအတွင်း လူ့ဘဝ၊ လူ့အသက်များကို ဘက်ပေါင်းစုံက မျက်ကွယ်ပြုထားခံရခြင်းကို ပြသလိုက်သည့် ဖြစ်ရပ်ဖြစ်သည်ဟု ရှုတ်ချသည်။

ပဋိပက္ခကို စစ်ရေးအားဖြင့် ဖြေရှင်းရမည်မဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနေဦးမည်ဆိုပါက လူများ ပိုမိုထိခိုက်ပျက်စီးကြရဦးမည်ဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အလေးအနက်ပြောလိုက် သည်။

ယီမင်တွင် ဟူသီတိုက်ခိုက်ရေးသမားများနှင့် မဟာမိတ်လက်နက်ကိုင်ယူနစ်များက နိုင်ငံတကာအသိအမှတ်ပြု ယီမင်သမ္မတအား နိုင်ငံတွင်းမှ တိုက်ထုတ်ပစ်လိုက်ချိန်  မတ် ၂၆ ရက်က စတင်ကာ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သေဆုံးသူအရပ်သား ၁၃၅၅ ဦးအပါအဝင် သေဆုံးသူပေါင်းမှာ ၅၀၀၀ နီးပါးရှိပြီဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly