မိတ္ထီလာတွင် LED မီးလုံး သန်း ၁ဝဝဖြင့် မီးအလှပြပွဲ ပြုလုပ်မည်

By တင်ရွှေ၊ ထီလာ ကိုငယ်လေး
10 January 2019
မိတ္ထီလာတွင် LED မီးလုံး သန်း ၁ဝဝဖြင့် မီးအလှပြပွဲ ပြုလုပ်မည်

မန္တလေး၊ ဇန်နဝါရီ ၁၀ ။               ။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လင်ဇင်းရပ်ကွက်ရှိ လွတ်လပ်ရေးပန်းခြံတွင် LED မီးလုံး သန်း(၁၀၀)ဖြင့် မီးအလှပြပွဲကို ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုတော်များ လူရွှင်တော်များ မျက်လှည့်ပြပွဲများဖြင့် ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း မီးအလှဆင်သည့် LOVE and JOY ကုမ္ပဏီတာဝန်ခံ ဦးရဲမြင့်ထံမှသိရသည်။

 “LED မီးတွေကို ၂၀၁၉ ဇန်နဝါရီ ၅ရက်နေ့မှာ မီးအလုံးရေသန်း(၁၀၀)နဲ့စဆင်တာပါ။ ဆင်ထားတဲ့ ပုံစံ လေးတွေက မိတ္ထီလာအငွေ့အသက်ပါတဲ့ပုံလေးတွေဖြစ်တဲ့ လေကြောင်းတက္ကသိုလ်ရှိတော့ တိုက်လေယာဉ် ပုံလေးတွေပါတယ်။ မြို့ကျက်သရေဆောင်ဖြစ်တဲ့ ကရဝိတ်ပုံပါတယ်။ မိတ္ထီလာနဲ့ပတ်သက်တဲ့ ပုံလေးတွေ ပါတယ်။ တခြားမြန်မာ့ရိုးရာ အထင်ကရပုံလေးတွေပါတယ်။ ပန်းခြံတစ်ခုလုံးအပြည့်ဆင်တာပါ”ဟု ဦးရဲမြင့်က ပြောသည်။

မီးအလှပြပွဲကို ၂၀၁၉ ဇန်နဝါရီ ၁၂ရက်မှ ၂၃ရက်ထိပြုလုပ်မည်ဟု သိရပြီး  ညနေ ၆နာရီမှ ည ၁၁နာရီအထိ နေ့စဉ်ပြသသွားမည်ဟု သိရသည်။ ထို့အပြင် ဖျော်ဖြေရေးအစီအစဉ်၌ ချမ်းမြေ့မောင်ချို၊ ဂျေညီမလေး၊ ကိုထွဋ် စသည့် တေးသံရှင်များ ပါဝင်ပြီး လူရွှင်တော် စူပါဒိန်ခဲနှင့်အဖွဲ့မှ ဟာသများဖြင့် တင်ဆက်မည်ဟု သိရသည်။ အဆိုပါမီးအလှပြပွဲတွင် MAGIC မျက်လှည့်အဖွဲ့၏ ပါဝင်ဖျော်ဖြေမှုများလည်းပါဝင်ပြီး ဖျော်ဖြေမှုများကို ဇန်နဝါရီ ၁၂ရက် ၊၁၄ရက် ၊၁၅ရက် ၊၁၆ရက် ၊၁ရရက် ၊၁၈ရက် နှင့် ၁၉ရက်နေ့များတွင် (၇)ရက်တိတိ ဖျော်ဖြေ သွားမည်ဟု သိရသည်။

အဆိုပါပွဲသို့ လာရောက်သူများအတွက် ဝင်ကြေးအနေဖြင့် လူကြီး (၂၀၀၀)ကျပ် ကလေး(၁၀၀၀) ကျပ် သတ်မှတ်ထားပြီး ရဟန်းသံဃာတော်များနှင့် သီလရှင်၊ သက်ကြီးရွယ်အိုများ၊ ငါးနှစ်အောက်ကလေးများ၊ မသန်စွမ်းများ၊ မိဘမဲ့ကျောင်းများနှင့် ဘကကျောင်းများမှ ကလေးများအတွက် ဝင်ကြေး အခမဲ့အဖြစ် လည်းကောင်း စီစဉ်ထားပြီး သွားလာရေးအတွက် မော်တော်ယာဉ် အကြို/အပို့များလည်း ပြုလုပ်ပေးသွားမည်ဟု သိရသည်။

လက်ရှိတွင် မီးအလှဆင်မှုများသည် (၅၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly