ရခိုင်ပြည်နယ်မှ မြေစာရင်းအရာရှိသုံးဦးကို အဂတိလိုက်စားမှုဥပဒေနှင့် အမှုဖွင့်

ရခိုင်ပြည်နယ်မှ မြေစာရင်းအရာရှိသုံးဦးကို အဂတိလိုက်စားမှုဥပဒေနှင့် အမှုဖွင့်

ဇန်နဝါရီ၊ ရန်ကုန် ။          ။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်၊ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်းနှင့် မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်လှစ်အရေးယူထားကြောင်း အဂတိတိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာအုပ်စု၊ ကမ်းသာယာကျေးရွာရှိ ကွင်းအမှတ်(၂၈၆)၊ သာခွေချိုင် ကွင်းဦးပိုင်အမှတ်(N-3)၊ လုပ်ပိုင်ခွင့်ဧရိယာ(၁.၈၀)ကို တိုင်းတာရောင်းချရာတွင် (၂.၄၃) ဧကအထိ ပိို တိုင်းတာပေးပြီး ပိုလျှံသော (၀.၆၃)ဧကအတွက် ကြားပွဲစားမှတစ်ဆင့် ဂွမြို့နယ် မြေစာရင်းဦးစီးဌာန လက်ထောက် ဦးစီးမှူ း ဦးမောင်မောင်လွင်နှင့် မြေတိုင်း(၄) ဦးကျော်နိုင်ထွန်းတို့ကို ငွေကျပ် သိန်း၆၃၀ ပေးခဲ့ရခြင်း အပေါ် အရေးယူပေးပါရန် တိုင်ကြားစာနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်း ပေးပို့ခဲ့ခြင်းဖြစ်သည်။

၄င်းမြေစာရင်းအရာရှိသုံးဦးသည် သာခွေးချိုင်ကွင်း ဧရိယာ (၂.၄၃)ဧကနှင့်ပတ်သက်၍ မြေစာရင်းပုံစံ(၁၀၅)နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)တို့အား ၂၀၁၈ ခုနှစ်အတွင်း အသစ် ထပ်မံထုတ်ပေးရာတွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ မြေစာရင်း ပုံစံ(၁၀၅)၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) တို့အား အသစ်ထုတ်ပေးရန်အတွက် မြေကွက်ပိုင်ရှင်များထံမှ စုစုပေါင်းငွေကျပ် ၆၃၀ သိန်းကို သုံးကြိမ်ခွဲ၍ ၄င်းတို့၏လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြောင်း အဂတိတိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းသည် အချင်းဖြစ်ပွားသောမြေ (၂.၄၃)ဧကနှင့် ပတ်သက်၍ လုပ်ထုံး လုပ်နည်းနှင့် ကိုက်ညီမှုမရှိဘဲ မြေစာရင်း ပုံစံ(၁၀၅)နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) တို့အား အသစ် ထပ်မံထုတ်ပေး၍ ငွေကြေးများ လက်ခံရယူခဲ့ပြီး မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဦးမင်းမင်းဇော်သည်် မြို့နယ်ရုံး၌ မှတ်တမ်းထားရှိသော ပုံစံ(၇)ပေါ်တွင် အတွင်းရေးမှူးအနေဖြင့် လက်မှတ်ရေးထိုးပေးခဲ့ပြီး လက်အောက်ဝန်ထမ်းများ အဂတိလိုက်စားမှုကျူးလွန်ရာတွင် အားပေး ကူညီခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က ဆိုသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင် နှင့် မြေတိုင်း-၄ ဦးကျော်နိုင်ထွန်း တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆နှင့်လည်းကောင်း၊ မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ နှင့်လည်းကောင်း ရခိုင်ပြည်နယ်၊ ဂွမြို့မ ရဲစခန်းတွင် ဇန်နဝါရီလ ၈ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required