ဘရူနိုင်းနှင့် ပွဲတွင် ကွင်းပြင်ပ၌ ပရိသတ်များ စုစည်း ကြည့်ရှူရန် စီစဉ်ပေးသင့်ဟု ဂတ်ဇီဆီ တောင်းဆို

ဘရူနိုင်းနှင့် ပွဲတွင် ကွင်းပြင်ပ၌ ပရိသတ်များ စုစည်း ကြည့်ရှူရန် စီစဉ်ပေးသင့်ဟု ဂတ်ဇီဆီ တောင်းဆို
၂၀၁၅ ဆီးဂိမ်း ဗိုလ်လုပွဲကို မဟာဗန္ဓုလ ပန်းခြံအတွင်း စုစည်း ကြည့်ရှုနေသော မြန်မာပရိသတ်များ။ ဓာတ်ပုံ - ဟောင်ဆာ

၂၀၁၆ အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲဝင် မြန်မာယူ-၁၉ အသင်း၏ အဖွင့်ပွဲဖြစ်သော ဘရူနိုင်း ယူ-၁၉ နှင့် ကစားမည့်ပွဲကို ကွင်းပိတ်ပြစ်ဒဏ်ကြောင့် ပရိသတ်များ ကွင်းအတွင်း ကြည့်ရှူ ခွင့် မရသော်လည်း ကွင်းပြင်ပတွင် စုစည်း ကြည့်ရှူနိုင်ရန် စီစဉ်ပေးသင့်သည်ဟု မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က ပွဲအကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

၂၀၁၄ အာရှယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်ဖြစ်သော မြန်မာ-ယူအေအီးပွဲတွင် ကွင်းအတွင်း သို့ ပရိသတ်များ ဝင်ရောက် အောင်ပွဲခံခဲ့သည့်အတွက် အာရှဘောလုံး အဖွဲ့ချုပ်မှ ဒဏ်ငွေနှင့် ကွင်းပိတ်ပြစ်ဒဏ် တစ်ပွဲ ချမှတ်ခဲ့ခြင်းကြောင့် ဘရူနိုင်း ယူ-၁၉ အသင်းနှင့်ပွဲကို ပရိသတ်မပါဘဲ ကစားရခြင်း ဖြစ်သည်။

“ ခြေစစ်ပွဲ အောင်မြင်ဖို့အတွက် ပရိသတ်တွေရဲ့အားက အများကြီး အရေးပါ ပါတယ်။ အဖွင့်ပွဲ မှာ ပရိသတ်မပါဘဲ ကစားရတာဟာ အသင်းအတွက် တကယ့်ကို နစ်နာပါတယ်။ ဘရူနိုင်းနဲ့ပွဲမှာ ကျွန်တော်တို့ ခြေစွမ်းကောင်း ပြနိုင်ခဲ့ရင် လက်ကျန်ပွဲတွေမှာ ပရိသတ်တွေ တစ်ခဲနက် အားပေးကြ မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်အားနဲ့ဆို ကျွန်တော်တို့ ခြေစစ်ပွဲ အောင်နိုင်မှာပါ။ အုပ်စု အဖွင့်ပွဲမှာ ပရိသတ်တွေ ကွင်းထဲ ဝင်ခွင့်မရပေမယ့် ကွင်းအပြင်မှာ ပရိသတ်တွေ စုစည်း ကြည့်ရှုနိုင်ဖို့ MFF က တစ်ခုခု စီစဉ်ပေးနိုင်ရင် ကောင်းပါမယ်။ ဥပမာ - ကွင်းပြင်ပမှာ တီဗီကြီးတွေ ထောင်ပြီး ပရိသတ်တွေ စုစည်း ကြည့်ရှုနိုင်အောင် လုပ်ပေးတာမျိုးပေါ့။ ဒီလိုသာဆိုရင် ကွင်းထဲမှာ ပရိသတ် မရှိပေမယ့် ပရိသတ်တွေရဲ့ အသံတွေကို ကျွန်တော့် ကစားသမားတွေ ကြားနိုင်ပြီး ကစားရတာ အားရှိပါလိမ့်မယ် ”  ဟု ဂတ်ဇီဆီက ဆိုသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် အာရှ ယူ-၁၉ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် စက်တင် ဘာ ၃၀ ရက် မြန်မာစံတော်ချိန် ည ၆း၃၀ တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး MRTV Entartainment ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်တွင် မြန်မာအသင်း ပါဝင်သည့် အုပ်စု(ဆ) အဖွင့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ပြီး တီမော ယူ-၁၉ အသင်းက ဘရူနိုင်း ယူ-၁၉ အသင်းကို ၄-၀ ၊ ဗီယက်နမ် ယူ-၁၉ အသင်းက ဟောင်ကောင် ယူ-၁၉ အသင်းကို ၃-၁ ဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly