မူးယစ်ဆေးဝါးရောင်းဝယ်မှုကို မျက်စိမှိတ်ထားသည့် အရာရှိများကို စုံစမ်းစစ်ဆေးသင့်ဟု ICG တိုက်တွန်း

မူးယစ်ဆေးဝါးရောင်းဝယ်မှုကို မျက်စိမှိတ်ထားသည့် အရာရှိများကို စုံစမ်းစစ်ဆေးသင့်ဟု ICG တိုက်တွန်း
ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော ဘိန်းစိုက်ခင်းတစ်ခုအားတွေ့ရစဉ်။ ဓာတ်ပုံ - AFP

ဇန်နဝါရီ ၉ ရက်။ ။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကာလတန်ဖိုး နှစ်စဉ် ဒေါ်လာဘီလီယံ ဆယ်ဂဏန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးပမာဏအများအပြားကို ဖမ်းဆီးရရှိနေမှုတွင် ရှမ်းပြည်နယ်သည် ဗဟိုချက်တစ်ခုဖြစ်နေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တပ်မတော်၏ အရာရှိတစ်ချို့မှ မျက်စိမှိတ်ထားနေမှုအပေါ် စနစ်တကျ အရေးယူမှုများပြုလုပ်ရန်နှင့် စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ဖို့ နိုင်ငံတကာဆိုင်ရာပဋိပက္ခများစောင့်ကြည့်ရေးအဖွဲ့ ICG က တိုက်တွန်းလိုက်သည်။

ဇန်နဝါရီ ၈ ရက်နေ့တွင် ၎င်းအဖွဲ့က "စစ်မီးနှင့် ရေခဲ (အိုက်စ်) - မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မှ ပဋိပက္ခနှင့် မူးယစ်ဆေးဝါး" ခေါင်းစဉ်အမည်ဖြင့် အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့ပြီး ထိုသို့ တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

အစီရင်ခံစာအရ မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်သည် မက်သာဖက်တမင်း ပုံဆောင်ခဲ (အိုက်စ်)  ထုတ်လုပ်မှုတွင် ကမ္ဘာပေါ်၌ အကြီးမားဆုံး ဗဟိုချက်တစ်ခုဖြစ်နေပြီး ထုတ်လုပ်မှုကို ရှမ်းပြည်နယ်ရှိ ဘေးကင်းလုံခြုံသော နေရာများတွင် ပြုလုပ်ကြရာ မြန်မာ့တပ်မတော်နှင့် မဟာမိတ်ဖြစ်သော ပြည်သူ့စစ်များနှင့် စစ်တပ်ကဲ့သို့သော လက်နက်ကိုင်အုပ်စုသေးများက ထိန်းချုပ်ထားသည့် နယ်မြေများ၊ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားသည့် တိုင်းရင်းသားအုပ်စုလေးများ၏ နယ်မြေတွင် ထုတ်လုပ်လျက်ရှိသည်ဟု ဖော်ပြပါရှိသည်။

ထိုသို့ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုသည် ရာဇဝတ်မှုများနှင့် အဂတိလိုက်စားမှုများအတွက် လောင်စာသဖွယ်လိုဖြစ်နေပြီး နှစ်ပေါင်းရှည်ကြာနေသည့် တိုင်းရင်းသား ပဋိပက္ခချုပ်ငြိမ်းရေး ကြိုးပမ်းမှုများကို နှောင့်နှေးစေသည်ဟု ဆိုသည်။

ယင်းအပြင် အရေးယူမှုတွင်လည်း အစိုးရအနေဖြင့် အသေးစားရောင်းချနေသူများကို အာရုံပြုလုပ်ဆောင်မှုသာရှိပြီး ၎င်းလုပ်ဆောင်မှုကို ရပ်ပစ်သင့်ကာ အဓိကကွန်ရက်များနှင့် အုပ်စုများ၏ ကွင်းဆက်ကို ဖြတ်ပစ်ဖို့ ICG ၏ အစီရင်ခံက တိုက်တွန်းထားသည်။

တပ်မတော်သည် လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုပြုလုပ်ပြီး ရောင်းဝယ်မှုတွင် ပါဝင်နေသည့် ပြည်သူ့စစ်များနှင့် စစ်တပ်ကဲ့သို့သော လက်နက်ကိုင်အုပ်စုသေးသေးလေးများကို ပိုမိုကန့်သတ်ကာ မူးယစ်ဖောက်ကားသော အဖွဲ့များကို ဖြုတ်သိမ်းရေးအထိ ရည်မှန်းလုပ်ဆောင်သင့်သည်ဟု ဖော်ပြပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required