ဦးကိုနီအမှုအပါအဝင် တရားရုံးအမှုများမကြန့်ကြာစေရေး လိုအပ်မှုများထောက်ပံ့ရန် ပြောထားဟု ဦးဇော်ဌေး ပြော

By မင်းမင်း၊ ရဲနိုင်(လောက်ကိုင်)
08 January 2019
ဦးကိုနီအမှုအပါအဝင် တရားရုံးအမှုများမကြန့်ကြာစေရေး လိုအပ်မှုများထောက်ပံ့ရန် ပြောထားဟု ဦးဇော်ဌေး ပြော

ရန်ကုန်၊ ဇန်နဝါရီလ ၈ ။             ။ စစ်ဆေးနေသည်မှာ ကြန့်ကြာနေသည်ဟု အများပြည်သူဝေဖန်မှုများမြင့်တက်နေသည့် ဦးကိုနီအသတ်ခံရမှု အပါအဝင် တရားရုံးအမှုများမကြန့်ကြာစေရေးအတွက် လိုအပ်မှုများကို အစိုးရအနေဖြင့် ထောက်ပံ့ပေးရန် အားလုံးပြောထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“ ဦးကိုနီအမှုတင် မဟုတ်ဘူး။ ကျန်တဲ့အမှုတွေမှာလည်း ကြန့်ကြာနေတာများတယ်။ သို့သော် တစ်ချို့မြန်တဲ့ အမှုတွေကလည်း မြန်တယ်ဆိုတော့ သမ္မတ ပြည်နယ်၊ တိုင်းခရီးစဉ်တွေသွားတဲ့အချိန်မှာလည်း ခဏခဏ ပြောထားပြီးသား။ အဲ့ဒါကတော့ တရားရေးမဏ္ဍိုင်နဲ့ ပတ်သတ်လို့ကတော့ အစိုးရအနေနဲ့ လိုအပ်တဲ့ အုပ်ချုပ် ထောက်ပံ့မှုကို အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေအပေါ်မှာ စီမံခန့်ခွဲမှုလား၊ ဝန်ထမ်းအင်အားလား။ လိုအပ်တာ တွေကို ကျွန်တော်တို့ ပံ့ပိုးပေးဖို့ အားလုံးပြောထားပြီးသားဖြစ်တယ်”ဟု  ဦးဇော်ဌေးက ပြောသည်။

ဇန်နဝါရီလ ၇ ရက်နေ့က သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦး မှ ဦးကိုနီအမှု ကြန့်ကြာနေသည့့်အပေါ် ပြည်သူလူထုမှ ဝေဖန်မှုများရှိနေပြီး အစိုးရမှ ထိန်းကြောင်းစောင့်ကြည့် နေမှုအခြေအနေနှင့်  အမှုမှလက်ရှိချိန်ထိ ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေးအောင်ဝင်းခိုင်အား ရှာဖွေနေမှု ရှိ၊ မရှိတို့အား မေးမြန်းခဲ့ရာတွင် ဦးဇော်ဌေးမှ ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့က ဦးကိုနီဖြစ်စဉ်တစ်ခုတည်းတင်မဟုတ်ဘူး။ တရားရုံးတွေမှာ ကြန့်ကြာနေတဲ့ အမှုတွေများ တယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ သမ္မတကြီး ကိုယ်တိုင်ကလည်း တရားသူကြီးချုပ်နဲ့ ဒီ တရားလွှတ်တော်ချုပ်အဖွဲ့မှာ တရားသူကြီးတွေနဲ့ ဆွေးနွေးပြီးပြီ။ အဲ့ဒီတော့ တစ်ဖက်မှာလည်း တရားရေးဆိုင်ရာဝန်ထမ်းတွေပေါ့နော်။ ဝန်ထမ်းအင်အား လိုအပ်ချက်တွေဖြစ်နေတာလား။ ဖွဲ့စည်းပုံတွေအရ ကန့်သတ်ချက်တွေဖြစ်နေတာလား။ ကျွန်တော်တို့ ဆွေးနွေးပြီးသွားပြီ”ဟု နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ကြန့်ကြာနေသည်ဟု အများပြည်သူဝေဖန်မှုများမြင့်တက်နေသည့် ဦးကိုနီ အသတ်ခံရမှုအား အင်းစိန်မြို့နယ်ရှိ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ပြီး စစ်ဆေးနေသည်မှာ ဇန်နဝါရီလ ၃ ရက်နေ့ အထိ ရုံးချိန်း ၉၈ ချိန်းထိရှိခဲ့ပြီဖြစ်သည်။

ယင်းအမှုအား စစ်ဆေးရန်အတွက် ဦးကိုနီအား လုပ်ကြံခဲ့သူ ကြည်လင်းအမှုတွဲ၌ ပါဝင်သူ ဇေယျာဖြိုးဘက်မှ စစ်ဆေးရန် တရားခံပြသက်သေ ၈ ဦး၊ အောင်ဝင်းဇော်ဘက်မှ စစ်ဆေးရန် တရားခံပြသက်သေ ရဲမှူးကြီး ဝင်းမင်းသိန်း၊ စုစုပေါင်းတရားခံပြ သက်သေ ၉ ဦးသာ ကျန်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly