အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စလင်မြို့နယ်တွင် စိုက်ခင်းများ ဧက ၈ဝခန့် ရေနစ်မြုပ်

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စလင်မြို့နယ်တွင် စိုက်ခင်းများ ဧက ၈ဝခန့် ရေနစ်မြုပ်

မကွေး၊ ဇန်နဝါရီ ၈ ။        ။ ၂၀၁၉ ဇန်နဝါရီလ ၇ ရက်နေ့ညပိုင်းမှ စတင်၍ အချိန်အခါမဟုတ် မိုးများရွာသွန်းမှုကြောင့် မကွေးတိုင်း ဒေသ ကြီး စလင်းမြို့နယ် ရေဒေးကျေးရွာအနီးရှိ ကန်တော်ချောင်းရေများသည် ရေဒေးကျေးရွာထဲသို ့ဝင်ရောက် လာပြီး စိုက်ခင်းများ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

 စလင်းမြို့နယ်၊ ရေဒေးကျေးရွာဆီသို့ ဦးတိုက်ခွဲထွက်စီးဆင်းသော ကန်တော်ချောင်းရေသည် အချိန်အခါ မဟုတ်မိုးရွာသွန်းမှုကြောင့် ဇန်နဝါရီလ ၈ရက်နေ့ နံနက် ၁၀ နာရီခန့်က ချောင်းရေများ ဝင်ရောက်လာပြီး ကွင်းအမှတ် ၃၃၂ ၊ကွင်းအမှတ် ၄၁၉ကွင်းရှိ စိုက်ပျိုးထားသော စားတော်ပဲ၊ ကုလားပဲ၊ မတ်ပဲ စိုက်ပျိုးဧက စုစုပေါင်း ဧက ၈ဝခန့် ချောင်းရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း ရေဒေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောဦးက ပြောသည်။

“ချောင်းက ရွာနဲ့ ၄ဖာလုံအကွာအဝေးပဲရှိပြီး ရွာကိုဦးတိုက်စီးဆင်းနေတာပါ။ အခု အချိန်အခါမဟုတ် မိုးရွာ လိုက်တော့ ချောင်းရေကျပြီး သီးနှံခင်းတွေ ပျက်စီးနစ်မြုပ်သွားတယ်။ ရွာထဲရေဝင်ရောက်လာတော့ လမ်းတွေ ပျက်စီးတယ်။ ချောင်းရေကျတော့ ရွာရှိ ကျောင်းသား ကျောင်းသူ(၃၂၀)တက်ရောက် ပညာသင်ကြားနေတဲ့ အထက်တန်းကျောင်းခွဲ ပိတ်ထားရတယ်” ဟု ဦးစောဦးက ပြောသည်။

ထိုသို့ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် စလင်းမြို့နယ် သစ်ကိုက်အရှေ့ကျေးရွာ၊ သစ်ကိုက် အနောက် ကျေးရွာ၊ ဆင်မကျွန်းကျေးရွာအုပ်စု၊မြောက်ရှားတောကျေးရွာအုပ်စု၊ ကျပင်းကျေးရွာအုပ်စု တို့တွင်လည်း ကြက်သွန်၊ မြေပဲ ၊စားတော်ပဲ ၊ကုလားပဲအစရှိ သီးနှံများ အမြောက်အများ ပျက်စီးဆုံးရှုံးနိင်ကြောင်း ရေဒေး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောဦးက ဆိုသည်။

“အသက်၆၀ ကျော်ပြီ။ ပြာသိုလမှာ ကျတဲ့ချောင်းရေကို ဒီတခါပဲကြုံဘူးတယ်။ကုန်ပြီ အားလုံးကုန်ပြီ။ သီးနှံတွေ သိမ်းဆည်းစရာ မကျန်တော့ဘူး။ မြေပဲတွေ ဒီမိုးကြောင့် ဥတွေ ပုတ်ဆွေးကုန်မယ်။ ကုလားပဲလည်း တစ်ပင်လုံး ချဉ်တဲ့အရည်တွေ လျောကျပြီး အသီးမအောင်တော့ဘူး။ စားတော်ပဲဆို အသီးရင့်မှည့်အချိန် အမြစ်ဆွေးဝင်ပြီး သေနိင်တော့ ဘယ်သူကိုမှ အပြစ်မတင်လိုတော့ပါဘူး။ ကံတရားပဲ” ဟု ရေဒေးကျေးရွာမှ တောင်သူ ဦးဘကြည် က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly