ရန်ကုန်တိရစ္ဆာန်ရုံတွင် ကောင်းကင်ကြိုးစီးနင်းခြင်းနှင့် ကစားနည်း ၃ မျိုးအတွက် တည်ဆောက်နေမှု မကြာမီပြီးစီးတော့မည်

ရန်ကုန်တိရစ္ဆာန်ရုံတွင် ကောင်းကင်ကြိုးစီးနင်းခြင်းနှင့် ကစားနည်း ၃ မျိုးအတွက် တည်ဆောက်နေမှု မကြာမီပြီးစီးတော့မည်
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇန်နဝါရီလ ၈ ။              ။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း အပန်းဖြေကစားနိုင်ရန်အတွက် ကောင်းကင်ကြိုးစီးနင်းသည့် ကစားနည်း အပါအဝင် ပေ ၃ဝ အမြင့်ခုန်ကစားနည်းနှင့် တောင်တက်ကစားနည်းများအတွက် တည်ဆောက်နေမှုမှာ ပြီးစီးတော့မည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်များနှင့် ပန်းဥယျာဉ်များဌာနရုံးချုပ်မှ ဒုတိယအထွေထွေမန်နေဂျာ ဦးသန်းစိုးအေးက ပြောသည်။

လက်ရှိတွင် ၉ဝ ရာခိုင်နှုန်းအထိ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ ပထမပတ်တွင်တည် ဆောက်မှုအားလုံး ပြီးစီးမည်ဟု ရည်မှန်းထားသော်လည်း စင်ကာပူနိုင်ငံမှ မှာယူထားသည့် Zip Line Tower တွင် တပ်ဆင်မည့်ပစ္စည်းများ ရောက်ရှိရန် ကြန့်ကြာနေသဖြင့် ယခုလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“Zip Line ရဲ့ ဆက်စပ်ပစ္စည်းတွေ ရောက်လာရင် တပ်ဆင်ရုံပဲ။ ပစ္စည်းတွေရောက်လို့ တပ်ဆင်မယ် ဆိုရင်တော့ ၁ဝ ရက်လောက်ပဲကြာမယ်။ ဒီလ လကုန်လောက်တော့ ကျွန်တော်တို့ အပြီးသတ်မယ်”ဟု ဦးသန်းစိုးအေးက ပြောသည်။

စီမံချက်ကာလမှာ ၅ လနီးပါးကြာမြင့်နေပြီဖြစ်ပြီး မြေပြင်ရှင်းလင်းမှုကို ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေးအပိုင်းကိုလည်း အဆင့် ၇ ဆင့်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကစားနည်း ၃ မျိုး အတွက် အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ သိန်းခန့်အကုန် အကျခံတည်ဆောက် နေပြီး Zip Line Tower တစ်ခု၏ အမြင့်မှာ ပေ ၆ဝ ခန့်မြင့်ကာ တာဝါတိုင်နှစ်ခု၏ အကွာအဝေးမှာလည်း ပေ ၅၆ဝ ခန့်အထိရှိကြောင်း လူတစ်ဦးလျှင် ၇ မိနစ်ခန့် စီးနင်းနိုင်မည်ဟု သိရသည်။

ကောင်းကင်ကြိုးစီးနင်းသည့် ကစားနည်း( Zip Line ) စီးနင်းသူမှာ ကိုယ်လေးချိန် ၉၉ ပေါင်မှ ပေါင် ၂၄၂ အတွင်း ရှိရမည်ဖြစ်ပြီး စီးနင်းစဉ် အတောအတွင်း လျော့ရဲရဲချည်နှောင်ထားမှုများ ဖယ်ရှားထားရန်နှင့် အသုံး အဆောင်ပစ္စည်းများ ယူဆောင်ခွင့်မပြုသည့်အပြင် အရက်၊ ဆေးလိပ်သောက်ခြင်းများအား တားမြစ်ထား ကြောင်းသိရသည်။

ထို့ပြင် စိတ်ကျန်းမာရေးခံစားနေရသူ၊ ကိုယ်ဝန်ဆောင်သည်၊ ဝက်ရူးပြန်ရောဂါရှိသူ၊ မူးယစ်ဆေးဝါးသုံးစွဲထား သူ၊ သွေးတိုး၊ ဆီးချိုရောဂါရှိသူ၊ နာတာရှည်အရိုးအဆစ်ရောဂါရှိသူ၊ အဖုအကျိတ်နှင့် အဆစ်ရောင်ရောဂါရှိသူ၊ အမြင့်တက်စဉ် မူးဝေခြင်း၊ သတိလစ်မေ့မြောတတ်သူနှင့် နှလုံးပြဿနာရှိသူများအားလုံး စီးနင်းရန်မသင့် ကြောင်းကိုလည်း အသိပေးဆိုင်းဘုတ်ထားရှိပြီး တားမြစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှ တာဝန်ရှိသူများ၏ပြောပြချက်အရ သိရသည်။

မြေနေရာ ၅၇ ဧကကျော်ရှိသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၂ မျိုး၊ အကောင် ရေ ၁၄ဝဝ ကျော်နှင့် ပြကွက်ပေါင်း ၅၉ ခု ဖြင့် အများပြည်သူ အပန်းဖြေနိုင်ရန် ပြသထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly