ပခုက္ကူတွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူ ၆ ဦးကို ဖမ်းဆီး

ပခုက္ကူတွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူ ၆ ဦးကို ဖမ်းဆီး

မကွေး၊ ဇန်နဝါရီ ၈ ။         ။ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် စိတ်ကြွမူးယစ်ဆေးပြား ရောင်းချသုံးစွဲသူ ၆ ဦးကို ဇန်နဝါရီလ ၇ ရက် နေ့လယ်တွင် ဖမ်းဆီးခဲ့သည်ဟု ပခုက္ကူမြို့မ ရဲစခန်းက သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ရရက်နေ့ နေ့လယ် ၂နာရီ ၄၅ မိနစ်တွင် ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်၊ မြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် ၅ မိုင် ၂ ဖာလုံအနီးတွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ထွန်းထွန်းဦး ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများနှင့် ပခုက္ကူ ရဲစခန်းမှ စခန်းမှူးတို့သည် သက်သေများနှင့် စောင့်ဆိုင်းနေစဉ် စက်မှုဇုံဘက်မှ ဆိုင်ကယ်စီးနင်းလာသော ပခုက္ကူမြို့ ၊အမှတ် ၁၁ ရပ်ကွက်တွင် နေထိုင် သည့် ဇော်ထက်လင်း (ခ) ဖိုးထောင် (၂၃) နှစ် စီးနင်းလာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ၄င်းဝတ်ဆင် ထားသော ပုဆိုး ခါးပုံစအတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား ၁၈၀ ပြား တွေ့ရှိ၍ ဖမ်းဆီးသိမ်းဆည်းခဲ့သည်။

ထို့နောက် ဆက်လက်စစ်ဆေးရာတွင် ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်၊ ကွက်သစ်ရပ်တွင်နေထိုင်သော ဇင်ကိုဦး ၂၄ နှစ်ထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုချက်အရ ဇင်ကိုဦးနေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဇင်ကိုဦး နှင့်အတူ ၄င်းနေအိမ်၌ ရွှေချောင်းကျေးရွာတွင်နေထိုင်သော ကောင်းဆက်လွင် ၂၁ နှစ်နှင့် အမှတ် ၆ ရပ်ကွက်၊ မြိုင် သာယာ ကွက်သစ်တွင် နေထိုင်သော သန့်ဇင်လတ် ၁၈ နှစ်တို့အား စိတ်ကြွပန်းရောင်မူးယစ်ဆေးဝါး သုံးစွဲ နေစဉ် တွေ့ရှိသဖြင့် ၄င်းတို့ထံမှ ပန်းရောင်စိတ်ကြွမူးယစ်ဆေးပြား ၁၆ ပြား နှင့် မူးယစ်ဆေးပြားသုံးစွဲသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးသိမ်းဆည်းခဲ့သည်။

၄င်းတို့အား ဆက်လက်စစ်ဆေးရာတွင် ပခုက္ကူမြို့ ၊ အမှတ် ၁၅ ရပ်ကွက်၊ မြစ်ကိုင်းရပ် ဗိုလ်ချုပ်လမ်းတွင် နေထိုင်သော  ညိုပု (ခ) အောင်ကျော်ဌေးထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုချက်အရ ညိုပု၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေစစ်ဆေးရာ ညိုပု (ခ) အောင်ကျော်ဌေးနှင့်အတူ မြိုင်သာယာကွက်သစ်တွင် နေထိုင်သော အေးချမ်းအောင် ၁၉ နှစ် တို့ကို မူးယစ်ဆေးဝါးသုံးစွဲနေစဉ် တွေ့ရှိပြီး မူးယစ်ဆေးဝါး အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကိုပါ သိမ်းဆည်းဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ၄င်းတို့ ၆ ဦးအား ပခုက္ကူမြို့မ ရဲစခန်းတွင် မယ (ပ) ၂/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေပုဒ်မ ၂၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly