ချောက်မြို့မှ ခွေးရူးကိုက်ခံရသူ ၁၂ ဦးအတွက် Erig ခွေးရူးဖြေဆေးများ ပေးပို့

ချောက်မြို့မှ ခွေးရူးကိုက်ခံရသူ ၁၂ ဦးအတွက် Erig ခွေးရူးဖြေဆေးများ ပေးပို့

မကွေး၊ ဇန်နဝါရီ ၈ ။            ။ မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၅ရက်နေ့နှင့် ၆ရက်နေ့က ခွေးရူးတစ်ကောင်မှ လူ(၁၂)ဦးအား ကိုက်ခဲ့သဖြင့် ချောက်မြို့နယ်ပြည်သူဆေးရုံတွင် အဆိုပါလူနာ(၁၂)ဦးအား ကုသရန် ခွေးရူး ကာကွယ်ဆေးမရှိသဖြင့် တိုင်းကျန်းမာရေးကုသရေးဦးစီးဌာနမှ Erig ခွေးရူးဖြေဆေး ပို့ပေးရကြောင်း သိရသည်။

မကွေးတိုင်း ကျန်းမာရေးဦးစီးဌာန က Erig ခွေးရူးဖြေဆေး အလုံး ၅၀ ကို ဇန်နဝါရီလ ၇ ရက်နေ့ညနေ ၆ နာရီတွင် ချောက်မြို့ပြည်သူ့ဆေးရုံသို့ ပေးပို့ရောက်ရှိလာသဖြင့် ယင်းမြို့ရှိ ခွေးရူးအကိုက်ခံရသော လူ ၁၂ ဦးအား အခမဲ့ထိုးပေးသွားမည်ဟု ချောက်မြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာ စိုးဝင်းက ပြောသည်။

“ခွေးအကိုက်ခံရပြီး ထိုးတဲ့ ကာကွယ်ဆေးကတော့ ဝယ်ထိုးရတယ်။ တိုင်းကျန်းမာရေးဦးစီးဌာနက ဒီနေ့ (ဇန်နဝါရီလ ရရက် ) နေ့လယ်ပိုင်းမှာ ကားနဲ့ တင်ပို့ပေးလိုက်တယ်။ ညနေ ၆ နာရီမှာ ချောက် ဆေးရုံးကို ရောက်ရှိလာတဲ့အတွက် ခွေးအကိုက်ခံရသူများကို Erig ခွေးရူးဖြေဆေးကို အခမဲ့ ထိုးပေးသွားမှာပါ” ဟု ဒေါက်တာ စိုးဝင်းက ပြောသည်။

Erig ခွေးရူးဆေး တစ်ကီလိုဂရမ်လျှင် ၄၀ ယူနစ်ဖြစ်ပြီး ဆေးတစ်လုံးလျှင် တစ်ထောင်ယူနစ်ပါရှိကြောင်း ခွေး အကိုက်ခံရသည့် လူတစ်ယောက်၏ အသက်ပေါင်ချိန်နှင့် တွက်ချက်ကာထိုးပေးရသောကြောင့် အကိုက်ခံရသူ တစ်ယောက်လျှင် ဆေးနှစ်လုံး (သို့) သုံးလုံးအထိ ထိုးပေးရသည်ဟု ၄င်းက ရှင်းပြသည်။

ခွေးအကိုက်ခံရသူများကို  ကာကွယ်ဆေးထိုးပေးရာတွင် လက်မောင်း နှစ်ဘက်အား တစ်ဖက်တစ်လုံးစီနှင့် ခွေးရူးဖြေဆေးကို ပထမ အကြိမ်အဖြစ် ထိုးပေးရကြောင်း ထို့နောက် ၇ ရက်အကြာတွင် တစ်ကြိမ် နှင့် ၂၁ ရက်သို့မဟုတ် ၂၈ ရက်ရောက်သည့်နေ့တွင် နောက်ထပ်တစ်ကြိမ် ထိုးရကြောင်း သိရသည်။

ချောက်မြို့တွင် ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ခွေးရူးတစ်ကောင်မှ အမှတ် ၁၀ အေးစေတီ ရပ်ကွက် အာရှရပ်ကွက်၊ အေးရပ်ကွက်၊ စံပြ မြို့သစ်(တောင်)ရပ်ကွက်၊ စစ်ကွင်းရပ်ကွက် နှင့် ကင်မွန်းခြုံရပ်ကွက်မှ လူများကို ကိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ခွေးရူးသည် နှစ်ရက်အတွင်း လူ ၁၂ ဦးကို ကိုက်ခဲ့ပြီး အမျိုးသား ၆ ဦး ၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၂ ဦး အကိုက်ခံရကြောင်း၊၄င်းအကိုက်ခံရသည့် အထဲတွင် အသက် ၆ နှစ်အရွယ် ကျောင်းသူတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ချောက်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာမ တစ်ဦးက ပြောသည်။

ထို့အတူ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းက ရပ်ကွက်ပေါင်း ၆ ရပ်ကွက်မှ လူ ၁၀ ဦးအား ခွေးရူးတစ်ကောင်မှ ကိုက်ခဲ့ပြီး ယင်းမြို့၏ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ ရာတွင် ဆေးရုံ၌ ဆေးမရှိသောကြောင့် ပြင်ပမှ ခွေးရူးကာကွယ်ဆေးကို ပြင်ပမှ ဝယ်ထိုးခဲ့ရကြောင်း  အဖြူရောင် တွဲလက်ညီအစ်ကိုများ ပရဟိတအသင်းမှဥက္ကဋ္ဌ ဦးစိုးညွှန့်က ပြောသည်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly