သမ္မတ မာဒူရိုမှာ ဒုတိယသက်တမ်း ထမ်းဆောင်ခွင့် မရှိတော့ဟု ဗင်နီဇွဲလား ပါလီမန် ဆုံးဖြတ်

သမ္မတ မာဒူရိုမှာ ဒုတိယသက်တမ်း ထမ်းဆောင်ခွင့် မရှိတော့ဟု ဗင်နီဇွဲလား ပါလီမန် ဆုံးဖြတ်

ဇန်နဝါရီ ၆ ။        ။ ဗင်နီဇွဲလားလက်ရှိ သမ္မတ နီကိုလပ်စ် မာဒူရိုရဲ့ သမ္မတရာထူးသက်တမ်းဟာ တရားဥပဒေနှင့် ဆန့်ကျင်နေပြီဖြစ်ပြီး ၎င်းအနေနဲ့ နောက်ထပ် သက်တမ်းတစ်ရပ် ထပ်မံ ထမ်းဆောင်လို့ရတော့မည်မဟုတ်ကြောင်း အတိုက်အခံတို့ ထိန်းချုပ်ထားတဲ့ ဗင်နီဇွဲလားပါလီမန်က ဇန်နဝါရီ ၅  ရက်မှာ ကြေညာလိုက်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ နိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထားရှိနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ရာမှာ စစ်တပ်ရဲ့ ထောက်ခံမှုရဖို့လိုကြောင်းကိုပါ ဗင်နီဇွဲလား လွှတ်တော်က တောင်းဆိုလိုက်ပါတယ်။

“နီကိုလပ်စ် မာဒူရို တရားမဝင်တော့ဘူး ဆိုတာကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုပါတယ်” ဆိုပြီး လွှတ်တော် ဥက္ကဌသစ်ဖြစ်လာသူ ဟွမ် ဂွိုင်ဒိုက ပြောပါတယ်။

“ ဇန်နဝါရီ ၁၀ ရက်ကစပြီး သူဟာ သမ္မတရာထူးကို မတရား သိမ်းယူထားသူ ဖြစ်လာပါတော့မယ်၊ တစ်ချိန်တည်းမှာလည်းပဲ ဒီ အမျိုးသားလွှတ်တော်က ပြည်သူတွေကို ကိုယ်စားပြုမယ့် တစ်ခုတည်းသော တရားဝင် အဖွဲ့အစည်း ဖြစ်လာပါတော့မယ်” ဆိုပြီး လွှတ်တော်ဥက္ကဌသစ်အဖြစ် ကျမ်းကျိန်ခဲ့တဲ့ ဟွမ်ဂွိုင်ဒိုက ပြောပါတယ်။

သို့ပေမယ့်လည်း မာဒူရိုကတော့ ပြီးခဲ့တဲ့ မေလ ၂၀ အငြင်းပွားဖွယ် ရွေးကောက်ပွဲတွေ ကျင်းပပေးပြီးနောက် လာမယ့် ကြာသပတေးနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ၎င်းရဲ့ ဒုတိယမြောက် ခြောက်နှစ်တာ သက်တမ်းအတွက် ကျမ်းကျိန်သွားဖို့ ပြင်ဆင်နေလျက် ရှိပါတယ်။

အထက်ပါ ရွေးကောက်ပွဲတွေကိုတော့ အတိုက်အခံ အများစုက ကန့်ကွက်သပိတ်မှောက်ထားခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ပြစ်တင်ရှုတ်ချထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကတော့ လက်တင်အမေရိကန်နိုင်ငံ ၁၂ နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာတော့ မာဒူရို အနေနဲ့ နောက်သက်တမ်းတစ်ခုကို ဆက်ယူမယ်ဆိုရင် ၎င်းတို့ဘက်က အသိအမှတ်ပြုတော့မှာမဟုတ်ကြောင်းနဲ့ အာဏာကို လွှတ်တော်ထံ လွှဲပြောင်းပေးဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ပါရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly