၁၂ ဘီးယာဉ်ပေါ်မှ ငွေကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

By မျိုးထွန်းနိုင်
05 January 2019
၁၂ ဘီးယာဉ်ပေါ်မှ ငွေကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ဓာတ်ပုံ - CCDAC Myanmar

ရန်ကုန်၊ ဇန်နဝါရီ ၅ ။             ။ မူဆယ်-မန္တလေး ကားလမ်းပေါ်တွင် ၁၂ဘီးယာဉ်ပေါ်မှ ငွေကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄) မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ငွေကျပ် ၇၉၄၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် ၃၁၆ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၅နာရီ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၂၄) လားရှိုး (နောင်ချို)လှုပ်ရှားမှ တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်၊ နောင်ချိုမြို့အဝင်ရှိ အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေးသွားကားလမ်းပေါ်တွင် ကွတ်ခိုင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ယာဉ်မောင်း  သန့်ဇင်ဦး မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူ မောင်းနှင်ပြီး စဉ့်ကူးမြို့နယ်၊ သာစည် ကျေးရွာ တွင် နေထိုင်သူ အောင်ချမ်းသူ နှင့် ညောင်ဦးမြို့၊ သာစည်ရပ်ကွက်တွင်နေထိုင်သော ငြိမ်းချမ်းအောင် (ခ) ကိုငြိမ်းတို့ လိုက်ပါလာသည့် (၁၂) ဘီး မော်တော်ယာဉ်အားရပ်တန့်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 အဆိုပါယာဉ်ပေါ်တွင် တင်ဆောင်လာသော အနက်ရောင် သံပေပါလေးထောင့်အတွင်းမှလည်းကောင်း၊ သံပေပါအဝိုင်း ၄ လုံးအတွင်း မှ လည်းကောင်း၊ မော်တော်ယာဉ်၏ ကြမ်းခင်းတွင် အံဝှက်ပြုလုပ်၍ လည်းကောင်း အဝါရောင်တိပ်၊ အနက် ရောင် ကြွတ်ကြွတ်အိတ်များဖြင့်ထုပ်လျက် ရောင်စုံဆပ်ပြာခွက် ၄၁၈ဝ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၄၁.၈ ကီလို(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၇၉၄၂ သိန်း)နှင့် ပလတ်စတစ် အကြည် ပတ်လျက် မိုင်းကိုင်စက္ကူဖြင့်ထုပ်ထားပြီး ပလတ်စတစ်ကပ်ခွာ အိပ်များဖြင့်ထည့်ထား သည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၅၈ဝဝဝ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၁၆ဝ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
 
ထိုသို့သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် စပ်လျဉ်း၍ နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များကို ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly