တစ်နှစ်ကျော်မက အစိုးရယန္တရား တန့်ရပ်မှာကို ပြင်ဆင်ထားပြီးသားဖြစ်တယ်လို့ သမ္မတ ထရမ့်ပြော

တစ်နှစ်ကျော်မက အစိုးရယန္တရား တန့်ရပ်မှာကို ပြင်ဆင်ထားပြီးသားဖြစ်တယ်လို့ သမ္မတ ထရမ့်ပြော
Photo: AFP

နယူးယောက်၊ ဇန်နဝါရီ ၅ ။     ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၎င်းအနေနဲ့ အစိုးရယန္တရားအချို့ တစ်နှစ်ကျော်မက ရပ်တန့်နေမှာအတွက် ပြင်ဆင်ထားပြီးသား ဖြစ်တယ်လို့ သောကြာနေ့မှာ ပြောလာပါတယ်။

မက္ကဆီကိုနဲ့ နယ်ခြားတံတိုင်းကာရံဖို့အတွက် အစိုးရဘတ်ဂျက်အသုံးစရိတ်မှာ သမ္မတ ထရမ့်ဟာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ထည့်သွင်းတောင်းခံထားတာပါ။

အဲဒီ အစိုးရအသုံးစရိတ်ကို လွှတ်တော်မှာ ဒီမိုကရက်တစ်တွေက ကန့်ကွက်နေတာကြောင့် အစိုးရလုပ်ငန်းဌာနအချို့ ပိတ်ထားရတာဟာ ခုချိန်ထိဆို သီတင်းနှစ်ပတ်မက ရှိနေပါပြီ။

သောကြာနေ့အစောပိုင်းမှာ ဒီမိုကရက်တစ်ပါတီက ထိပ်တန်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ခုလို အစိုးရယန္တရားအချို့ တန့်ရပ်နေတာကို အဆုံးသတ်ရေး သဘောတူညီမှု မရခဲ့ဘူးလို့လည်း ထရမ့်က အတည်ပြုပြောပါတယ်။

“ကျိန်းသေပေါက် ကျွန်တော် ပြောမယ်။ ဒီမိုကရက်တွေရဲ့ သဘောတူညီမှု ရလာလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ ဒါပေမယ့် ကျွန်တော်က ပြင်ဆင်ထားပြီးသားပဲ ဖြစ်ပါတယ်။”လို့ ထရမ့်က ပြောခဲ့ပါတယ်။

ခုလို အစိုးရလုပ်ငန်းဌာအချို့ တန့်ရပ်နေတာကြောင့် ဝန်ထမ်းပေါင်း ရှစ်သိန်းနီးပါးကို ဒီဇင်ဘာ ၂၂ ရက်ကစလို့ လုပ်ခလစာ မပေးနိုင်ဘဲ ရှိနေတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly