ဖြုတ်ချခံရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် သူမအား ဆန့်ကျင်နေသူများကို ပြန်လည်တရားစွဲ

ဖြုတ်ချခံရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် သူမအား ဆန့်ကျင်နေသူများကို ပြန်လည်တရားစွဲ

ဘန်ကောက်၊ စက်တင်ဘာ-၂၉ ။        ။ တစ်နှစ်ကျော်ကျော်က ရာထူးမှ ဖယ်ရှားခံရပြီး ရာဇဝတ်မှုစွဲချက်များနှင့် ရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာက သူမကို ဆန့်ကျင်တိုက်ခိုက်နေသူများကို စက်တင်ဘာ ၂၉ရက်နေ့တွင် သူမကိုယ်တိုင်က ရုံးတော်သို့ ဦးတိုက်လျှောက်ထား တရားစွဲ၍ ပြန်လည် ထိုးနှက်တိုက်ခိုက်ခဲ့သည်။

အကြီးအကျယ် ဆုံးရှုံးခဲ့သည့် စပါးစိုက်တောင်သူများအတွက် အမတော်ကြေးစီမံကိန်းနှင့် ဆက်နွယ်သော သူမ၏ အမှုကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ နိုင်ငံ၏ ရှေ့နေချုပ်ကို တန်ပြန်တရားစွဲသည့် အမှုတစ်ခုကို ယင်လပ်က ဘန်ကောက် ရာဇဝတ်မှုရုံးတော်သို့ တင်သွင်းခဲ့သည်။

ဤတရားစွဲဆိုမှုမှာ ထိုင်းနိုင်ငံကို နှစ်ခြမ်းကွဲစေသည့် ကာလအဆက်ဆက် နိုင်ငံရေးတိုက်ပွဲတွင် နောက်ထပ် အချိုးအကွေ့တစ်ခုပင်ဖြစ်သည်။ တစ်ဖက်တွင် ၂၀၁၄ခုနှစ် အာဏာသိမ်းမှုကို စည်းရုံးလုပ်ဆောင်ခဲ့သည့် စစ်တပ်က ကျောထောက်နောက်ခံပေးထားသော နိုင်ငံ၏ အစဉ်အလာအုပ်စိုးသူ အထက်လွှာဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ ၂၀၀၁မှ ၂၀၀၆ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်သွားခဲ့သည့် ဆက်သွယ်ရေးကုမ္ပဏီ မသာသူကြွယ်တစ်ဖြစ်လဲ လူကြိုက်များသည့် နိုင်ငံရေးသမား ယင်လပ်၏အစ်ကို သက်ဆင် ရှင်နာဝပ်ထရာခေါင်းဆောင်သော တည်ဆဲဘုရင်စနစ်ကို စိန်ခေါ်နေသည့် နိုင်ငံရေးသမားအုပ်စုဖြစ်သည်။  

ယင်လပ်မှာ ၂၀၁၁ခုနှစ်မှ စစ်တပ်က သူမ၏အစိုးရကို အာဏာသိမ်းဖြုတ်မချမီ ရက်အနည်းငယ်အလို ၂၀၁၄ခုနှစ် မေလ ရုံးတော်က အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ဖြင့် သူမကို အဓမ္မမဖယ်ရှားမီအထိ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူမအား ယခုနှစ်အစောပိုင်းက ငွေကြေးဆုံးရှုံးခဲ့ရသည့် ဆန်အမတော်ကြေားအစီအစဉ်နှင့် ဆက်နွယ်၍ တရားစွဲဆိုခဲ့ပြီး သူမကိုနိုင်ငံရေး လုပ်ခွင့် ၅နှစ် ပိတ်ပင်ခဲ့သည်။ ထို့နောက် အမှုတစ်မှုတည်းဖြင့်ပင် ရှေ့နေချုပ်က သူမကို ရာဇဝတ်မှုစွဲချက် အများအပြား တင်ခဲ့သည်။

ရုံးတော်သို့ တင်သွင်းသည့် သူမ၏ စွဲချက်တွင် ရှေ့နေချုပ်နှင့် အခြားသူများမှာ တာဝန်ပျက်ကွက်မှုနှင့် အပြစ်ရှိကြောင်း၊ သူမကို အသရေဖျက်ရန် ဝိုင်းဝန်းကြိုးစားခဲ့ကြကြောင်းနှင့် ဥပေဒချိုးဖောက်မှု သုံးခုကို ကျူးလွန်ခဲ့သောကြောင့် ထောင်ဒဏ် ၆လမှ ၁၀နှစ်အထိ အပြစ်ပေးနိုင်ကြောင်း ယင်လပ်က ပြောကြားခဲ့သည်။ အမှုကို လက်ခံစစ်ဆေးမည် မစစ်ဆေးမည်ကိုမူ ရုံးတော်က ဆုံးဖြတ်ရမည်ဖြစ်သည်။

''ဥပဒေကြောင်းနဲ့အညီ ကျမရဲ့အခွင့်အရေးကို အသုံးချဖို့ ဒီကိုရောက်လာတာပါ။ ရှေ့နေချုပ်နဲ့ အဖွဲ့ဝင်တွေကို ကျမ အမှုလျှောက်ထားစွဲဆိုခဲ့ပါတယ်''ဟု ယင်လပ်က သတင်းထောက်များကို ပြောကြားခဲ့ သည်။

ဆန်အမတော်ကြေး အစီအစဉ်မှာ ယင်လပ်၏ ၂၀၁၁ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုတွင် အဓိကဆွဲဆောင်အားဖြစ်ခဲ့ပြီး ကျေးလတ်ဒေသများတွင် သူမကို အကြီးအကျယ် ထောက်ခံလာစေခဲ့သည်။

ထိုအစီအစဉ်အရ လယ်သမားများထံမှ ဆန်ကို ဈေးကွက်ပေါက်ဈေးထက် မြင့်မားစွာပေး၍ ဝယ်ယူခဲ့ရာ အနည်းဆုံး ကန်ဒေါ်လာ ၄.၄၆ဘီလျံနီးပါးမျှ အရှုံးပေါ်ခဲ့သည်ဟု ဆိုသည်။ သူမက မည်သည့်အမှားမျှ မကျူးလွန်ခဲ့ဟု ငြင်းဆိုခဲ့သော်လည်း ယင်လပ်ကို ဆန့်ကျင်တိုက်ခိုက်သူများကမူ ထိုအစီအစဉ်မှာ မသမာမှုများ တင်းကြမ်းပြည့်နေပြီး သူမက မသမာမှုများကို ရပ်တန့်သွားအောင် အရေးယူခြင်းမရှိခဲ့ဟု ပြောကြားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly