အမေရိကန်အောက်လွှတ်တော်ကို ဒီမိုကရက်တစ်တွေ ထိန်းချုပ်ပြီး နယ်စပ်တံတိုင်းခတ်ရေးကိစ္စ ထရမ့်ကို စိန်ခေါ်

အမေရိကန်အောက်လွှတ်တော်ကို ဒီမိုကရက်တစ်တွေ ထိန်းချုပ်ပြီး နယ်စပ်တံတိုင်းခတ်ရေးကိစ္စ ထရမ့်ကို စိန်ခေါ်

ဇန်နဝါရီ ၄ ။            ။ အမေရိကန်ပြည်ထောင်စုရဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အသစ်တွေ ပြန်လည် ဖွင့်လှစ်မှုကိုတော့ ယမန်နေ့ ဇန်နဝါရီ ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

ခုလို လွှတ်တော်သစ်တွေ ပြန်ဖွင့်လှစ်ရာမှာတော့ အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်ဘက်ကပဲ ဆက်လက်ထိန်းချုပ်ထားတယ်ဆိုပေမယ့် အောက်လွှတ်တော်ကိုတော့ ဒီမိုကရက်တစ်တွေ တစ်ကျော့ပြန် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ခုလိုမျိုး အမေရိကန် အောက်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်လိုက်နိုင်တဲ့ ပထမဆုံးနေ့မှာပဲ ဒီမိုကရက်တစ်အမတ်တွေကတော့ ၎င်းတို့ရဲ့လုပ်ပိုင်ခွင့်ကို မဆိုင်းမတွ အသုံးချခဲ့ပါတယ်။ ဒါကတော့ အောက်လွှတ်တော် ဥက္ကဌသစ်ဖြစ်လာခဲ့တဲ့ နန်စီ ပလိုစီ ရဲ့ ထောက်ခံမှုနဲ့အတူ အစိုးရအသုံးစရိတ် မူကြမ်းကို အတည်ပြုခဲ့ပါတယ်။

ယင်း အသုံံးစရိတ် မူကြမ်း အတည်ပြုချက်တွေရတော့ နိုင်ငံမှာ သီတင်းပတ် နှစ်ပတ်ကြာ ဖြစ်ပေါ်နေတဲ့ အစိုးရ လုပ်ငန်းယန္တရားတစ်ချို့ လည်ပတ်မှု ရပ်ဆိုင်းနေမှုကို အဆုံးသတ်သွားစေဖို့ ရှိနေပါတယ်။

ဒါပေမယ့် နယ်စပ်တံတိုင်းခတ်ဖို့အတွက် သမ္မတ ဒေါ်နယ်ထရမ့် အသည်းအသန် တောင်းဆိုနေတဲ့ ရန်ပုံငွေ ကိစ္စတော့ ယင်းအတည်ပြုချက်တွေထဲမှာ ပါဝင်မလာခဲ့တာကြောင့် လိပ်ခဲတည်းလည်း အခြေအနေတစ်ခုက ဆက်ရှိနေဆဲဖြစ်ပါတယ်။

ယခု အောက်လွှတ်တော်မှာ ဒီမိုကရက်တစ် အတည်ပြုလိုက်တဲ့ မူကြမ်းမှာတော့ ၁၃ ရက်ကြာ အစိုးရယန္တရားတစ်ချို့ ရပ်ဆိုင်းမှုကို  ပြီးဆုံးသွားစေဖို့ ရှိနေပေမယ့် နယ်စပ်တံတိုင်းခတ်ဖို့အတွက် သမ္မတဒေါ်နယ်ထရမ့် တောင်းခံထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၅ ဘီလီယံ ထုတ်ပေးဖို့ ကိစ္စကိုတော့ အတည်ပြုပေးခဲ့ခြင် မရှိဘဲ လျစ်လျူရှုထားခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ လွှတ်တော်သစ်တွေ ပြန်စပြီးပြီးချင်း အောက်လွှတ်တော်ဥက္ကဌသစ်ဖြစ်လာတဲ့ ၀ါရင့် ဒီမိုကရက်တစ် အမျိုးသမီး အမတ် နန်စီ ပလိုစီ ကတော့ လက်ရှိ နိုင်ငံရေးအခြေအနေအရ အမြင်မတူမှုတွေ ရှိပေမယ့် ညီညီညွတ်ညွတ်နဲ့ အကောင်းဆုံး လုပ်သွားကြဖို့ လိုတယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် လက်ရှိ သမ္မတဒေါ်နယ်ထရမ့် လက်ထက်မှာတော့ ရီပတ်ဘလစ်ကန်တို့နဲ့အတူ လက်တွဲလုပ်ဖို့ဆိုတာက တကယ်တမ်းမှာ လွယ်ကူဖို့ မရှိတာကိုလည်း တွေးထားပြီးဖြစ်ကြောင်း သူမက ပြောသွားပါတယ်။

လက်ရှိအချိန်မှာ အစိုးရယန္တရားတစ်ချို့ ရပ်ဆိုင်းထားခဲ့ရမှုကိစ္စနဲ့ပတ်သက်လို့ ရီပတ်ဘလစ်ကန် သမ္မတနဲ့ ဒီမိုကရက်တစ်အုပ်စုအကြား ညှိနှိုင်းမရဖြစ်နေခဲ့တာဖြစ်ပြီး အပြန်အလှန် အပြစ်ဖို့မှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly