ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲခံထားရသော ယောဂီဒေါ်နန္ဒမာလာ အာမခံရသော်လည်း အခြားအမှုများ စစ်ဆေးရန်CIDမှ ပြန်လည်ခေါ်ဆောင်

ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲခံထားရသော ယောဂီဒေါ်နန္ဒမာလာ အာမခံရသော်လည်း အခြားအမှုများ စစ်ဆေးရန်CIDမှ ပြန်လည်ခေါ်ဆောင်

မန္တလေး၊ ဇန်နဝါရီ ၃ ။               ။ ငွေကြေးလိမ်လည်မှုများဖြင့် တိုင်ကြားခံထားရသော ယောဂီ ဒေါ်နန္ဒမာလာကို အမှတ်(၃) မှုခင်းရဲတပ်ဖွဲ့ခွဲ မှ ၂၀၁၉ ခုုနှစ် ၊ ဇန်နဝါရီ(၃)ရက် နေ့လယ်ပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တရားရုံးသို့ ပို့ဆောင်ခဲ့ပြီး ၎င်း၏ အာမခံလျှောက်ထားမှုကြောင့် တရားရုံးက အာမခံပေးခဲ့သော်လည်း အခြားအမှုများ ဆက်လက် စစ်ဆေးရန်အတွက် CID သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 ၂၀၁၃ ခုနှစ်အတွင်းလိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေခဲ့ရပြီး တရားရုံးသို့ လာရောက်ရန်ပျက်ကွက်မှုများကြောင့် ဖမ်းဝရမ်းအထုတ်ခံထားရသည့် ယောဂီဒေါ်နန္ဒမာလာနှင့် သူစီးနင်းလာသောယာဉ်ကို အမြန်လမ်းရဲတပ်ဖွဲ့က ဇန်နဝါရီ (၂)ရက် ညနေ(၆)နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၈၄)၌ ဖမ်းဆီးခဲ့ပြီး အမှတ်(၃) မှုခင်း ရဲတပ်ဖွဲ့ခွဲရုံး၌ လူဝတ်လဲကာ ထိန်းသိမ်းထားခဲ့သည်။

 ယင်းနောက် ဇန်နဝါရီလ ၃ရက်နေ့တွင် CIDက မဟာအောင်မြေမြို့နယ်တရားရုံးသို့ပို့ဆောင်ခဲ့ပြီး ဒေါ်နန္ဒမာလာ ၏ အာမခံလျှောက်ထားခဲ့သောကြောင့် မြို့နယ်တရားသူကြီးက အာမခံပေးခဲ့သော်လည်း အမှတ်(၃) မှုခင်း ရဲတပ်ဖွဲ့ခွဲက ဆက်လက်စစ်ဆေးရန်ရှိသဖြင့် ပြန်လည်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

 "အကျဉ်းဦးစီး ညွှန်ချုပ်မြင့်စိုးက သေသွားတဲ့မြဟင်္သာရဲ့ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်မှုနဲ့ထောင်ကျသွားတဲ့ ရဲမြင့်ဝင်း ပါနှစ်ဦးကို ရဲဘက်ကို တိတ်တိတ်လေးထုတ်သွားတယ်။ လွတ်မြောက်အောင်လုပ်ပေးသွားတဲ့ဟာကို မယ်တော်ကြီး သိသွားတဲ့အတွက် အခုလိုလုပ်လိုက်တာ။ သာသနာရေးနဲ့ဘာမှမဆိုင်ဘူး။"ဟု ဖမ်းဆီးခံရသည့် ဒေါ်နန္ဒမာလာက တရားရုံးတွင် ပြောကြားခဲ့သည်။

 ဒေါ်နန္ဒမာလာသည် ဒေါ်နေဇင်မြင့်ဆိုသူ အမျိုးသမီးထံမှ ငွေကြေးလိမ်လည်သည်ဟုဆိုကာ ၂၀၁၃ ခုနှစ်အတွင်းက တရားရုံးသို့ဦးတိုက်လျှောက်ထားခံရပြီး အမှုရင်ဆိုင်နေရစဉ် တရားရုံး ရုံးချိန်းများလာရောက်ရန် ပျက်ကွက်မှု များလာသည့်အတွက် ၂၀၁၅ခုနှစ်အတွင်း တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly