၂၂ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းဆုကို မော်လမြိုင်မှဆွတ်ခူး

၂၂ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းဆုကို မော်လမြိုင်မှဆွတ်ခူး

ရန်ကုန်၊ဇန်နဝါရီ ၂ ။                ။ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော  ၂၂ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်း ထီဆုကြီးကို မော်လမြိုင်မြို့မှ ကိုထွန်းထွန်းထိုက်နှင့် မဆုမြတ်နန္ဒာတို့ ဇနီးမောင်နှံကဆွတ်ခူးရရှိခဲ့သည်။

"ကလေးက အိပ််မက်ပေးတယ်။အိပ်မက်ထဲမှာကျတော့ သိန်းငါးထောင်ဆုပေါက်သွားတယ်တဲ့။ အမှန်တကယ် အိပ်မက်မက်တာကတော့(ဃ)နဲ့ မက်တာ။တစ်တို့၊ နှစ်တို့၊ခြောက်တို့ အကုန်လုံးပါတယ်။ သိပ်တော့ မမှတ်မိဘူး။ (ဃ)ပါတာကို ထိုးမယ်ဆိုပြီးရှာတာ။မတွေ့တော့ အဲ့ဒါနဲ့ ရွှေတိဂုံဘုရားရှေ့ရောက်တော့ ရှစ်နဲ့လည်း စတယ်။ (ဃ)နဲ့ စတယ်ဆိုတော့ ဒီနံပါတ်ပဲ ထိုးလိုက်မယ်ဆိုပြီး ထိုးတာ။အခုထွက်သွားတာကတော့ (င)နဲ့ ထွက်သွား တာပေါ့'' ဟု ကံထူးရှင် မဆုမြတ်နန္ဒာက မဇ္စျိမကို ပြောသည်။

သိန်းတစ်သောင်းဆုကံထူးသွားသည့် ထီနံပတ်မှာ င ၈၂၀၁၃၆ ဖြစ်ပြီး ၅စောင်တွဲထီမှ ကံထူးခဲ့ကြောင်း သိရသည်။

''ရန်ကုန်ကို ရွှေတိဂုံဘုရားဖူးဖို့ဆိုပြီး သွားတာ။ ကလေးကို ကျန်းကျန်းမာမာနဲ့ မွေးရအောင်ဆိုပြီးတော့။ ထီပေါက်အောင်တော့ ဆုမတောင်းခဲ့ဘူး။ ကျန်းကျန်းမာမာမွေးအောင်ဆိုပြီး ဆုတောင်းပြီးတော့ ဆင်းလာတာ။ အသွားထဲက ထီထိုးသွားတာ။ အမေကပြောတယ် ခရီးသွားရင် ထီထိုးဆိုတော့ အဲ့ဒါနဲ့ ထီထိုးတာ"ဟု ကံထူးရှင် မဆုမြတ်နန္ဒာက ပြောသည်။

အောင်ဘာလေ ကျပ်သိန်းတစ်သောင်း ကံထူးရှင် မဆုမြတ်နန္ဒာသည် ဆယ်တန်းကျောင်းသူအရွယ်ကတည်းက ထီထိုးခဲ့သူဖြစ်ပြီး ပထမနှစ်ကျောင်းသူဘဝတွင် ကျပ်ဆယ်သိန်းဆုတစ်ဆုကို ပေါက်ခဲ့ဖူးကြောင်း သိရသည်။

"ဘုရားမှာ ကြွေပြားကပ်ဖို့စဉ်းစားထားတယ်။ ပြီးတော့ လမ်းခင်းဖို့။နှစ်ဘက်မိဘ တစ်ယောက်တစ်ထောင်စီ ကန်တော့မယ်'' ဟု ရရှိလာမည့် ဆုငွေသိန်းတစ်သောင်းနှင့် ပတ်သတ်ပြီး မဆုမြတ်နန္ဒာက ပြောသည်။

ကျပ်သိန်းတစ်သောင်းခွဲအထိ ရရှိမည့် ကျပ်တစ်ထောင်တန်ထီလက်မှတ်ဆုမဲများကို လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly