တရားမဝင်သစ်ခွဲသားများနှင့် တိရစ္ဆာန် ဦးချိုများ သယ်ဆောင်လာသူကို ဖမ်းဆီး

တရားမဝင်သစ်ခွဲသားများနှင့် တိရစ္ဆာန် ဦးချိုများ သယ်ဆောင်လာသူကို ဖမ်းဆီး
ဓာတ်ပုံ- ရဲဇာနည်

ရန်ကုန်၊ဒီဇင်ဘာ ၃၁ ။        ။ ပီနံအိတ်များဖြင့်ဖုံးအုပ်၍ ပိတောက် သစ်ခွဲသားများနှင့် သမင်ဦးချိုများကို တရားမဝင် သယ်ဆောင်လာသည့် နမ့်ခမ်းမြို့နယ်၊ အိုနောင်ရပ်ကွက်နေ ဦးသက်ဝင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီအရေးယူ ခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အကောက်ခွန် ဦးစီး ဌာနမှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆) မိုင် စစ်ဆေးရေးစခန်း၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် နမ့်ခမ်းမြို့နယ်၊ အိုနောင်ရပ်ကွက်နေ ဦးသက်ဝင်း မောင်းနှင်လာသည့် Mark II အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရာမှ ယခုကဲ့သို့ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုဖမ်းဆီးရရှိမှုအတွင်း ပီနံအိတ်များဖြင့် ဖုံးအုပ်၍ တရားမဝင် သယ်ဆောင်လာသော ပိတောက်သစ် (တယောပုံ)ခွဲသား (၅)ချောင်းနှင့် စက္ကူဂျပ်ဖာများဖြင့် ထုပ်ပိုးထားပြီး တရားမဝင် သယ်ဆောင်လာသော သမင်ဂျိုအကြီး(၅)စုံ၊ သမင်ဂျိုဖြတ်စ (၉၇) ခုနှင့် ကြယ်လိပ်ရင်ဘတ်အခွန်(၅)ခုတို့ ပါရှိသည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သစ်ခွဲသားများနှင့် တိရိစ္ဆာန်ဦးချိုများ တရားမဝင်သယ်ဆောင်လာသူ သက်ဝင်းကို အုန်းချောနယ်မြေရဲစခန်း (ပ)၃၀၅/၂၀၁၈၊ သစ်တောဥပဒေပုဒ်မ၄၂(က)ဖြင့်လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)ဖြင့်လည်းကောင်း အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly