ဘုရားဖူးယာဉ်နှင့် အခြားယာဉ်တစ်စီး ဝင်တိုက်မိပြီး ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ဘုရားဖူးယာဉ်နှင့် အခြားယာဉ်တစ်စီး ဝင်တိုက်မိပြီး ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ။         ။ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် မောင်းနှင်လာသော ဘုရားဖူးယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ Honda Fit ယာဉ်တစ်စီးအား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သည့် အတွက် အမျိုးသားတစ်ဦး အခင်းဖြစ်ပွားသော နေရာတွင် သေဆုံးကာ အခြားအမျိုးသား ၁၀ ဦး ဒဏ်ရာ အသီးသီးရရှိခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင် (၆၇/၁-၂)ကြား၌ ကျိုက်ထိုမြို့ဘက်မှ ဘုရားကြီးမြို့ဘက်သို့ ယာဉ်မောင်း ကျော်လင်း မောင်းနှင်သည့် အမျိုးသား ၁၃ ဦး လိုက်ပါလာသည့် Pickup ဘုရားဖူးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ် ကြောသို့ ရောက်ရှိပြီး ယာဉ်မောင်း ဦးခင်မြင့်ကျော် မောင်းနှင်လာသည့် အမျိုးသား ၄ ဦး လိုက်ပါလာသည့် Honda Fit ယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဘုရားဖူးယာဉ်ပေါ်တွင်လိုက်ပါလာသူ  ဦးဝါဆွေ(၆၅)နှစ်တွင် ဝဲချိုစောင်း၊ ယာနား/ဝဲခြေသလုံးပေါက်ပြဲ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဦးမြဆိုင်(၇၀)နှစ်ပါ ၂ ဦးတွင် ရင်ဘတ်/ခါးနာကျင်၊ ဝဲ/ယာ မျက်ခုံး/ တံတောင်ပေါက်ပြဲ ဒဏ်ရာများ(စိုးရိမ်ရ)နှင့် ယာဉ်မောင်း ဦးခင်မြင့်ကျော်ပါ ၂ ဦးတွင် ဝဲလက်ပြင်/ ဒူး/ တံတောင်ပွန်းပဲ့၊ ခါးနာကျင်ဒဏ်ရာများ(မစိုးရိမ်ရ)တို့ ရရှိခဲ့သည်။

ထို့အပြင် Honda Fit ယာဉ်ပေါ်လိုက်ပါလာသည့် ကျော်မင်း(၂၉)နှစ်ပါ ၃ ဦးတွင် မူးဝေအော့အန်၊ ဝဲနဖူး/ ခြေသလုံး/နားထင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ (စိုးရိမ်ရ)နှင့် ကျော်မင်းစန်း(၁၉)နှစ်ပါ ၃ ဦးတွင် ဦးခေါင်း မူးဝေနာကျင်၊ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာ များ(မစိုးရိမ်ရ)၊ စုစုပေါင်း ကျား ၁၁ ဦး(သေဆုံး ၁၊ စိုးရိမ်ရ ၅၊ မစိုးရိမ်ရ ၅)တို့ ရရှိခဲ့ကြောင်းသိရသည်။

ယင်းသေဆုံးသူ အမျိုးသားအပါအဝင် ဒဏ်ရာရရှိခဲ့သော အမျိုးသား ၁၁ ဦးကို  ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁၂နာရီခွဲ အချိန်ခန့်တွင် ဝေါမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဘုရားဖူးယာဉ်မောင်းနှင်လာသူ ယာဉ်မောင်း ကျော်လင်းအား ဝေါမြို့မရဲစခန်း ယာဉ်(ပ) ၅၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly