ငယ်ရွယ်စဉ်အခါက အိမ်ဖော်ကို မဖွယ်မရာ ပြုလုပ်ခဲ့ဖူးဟု ထုတ်ပြောခဲ့သည့် ဒူတာတေး ဝေဖန်ခံနေရ

ငယ်ရွယ်စဉ်အခါက အိမ်ဖော်ကို မဖွယ်မရာ ပြုလုပ်ခဲ့ဖူးဟု ထုတ်ပြောခဲ့သည့် ဒူတာတေး ဝေဖန်ခံနေရ

ဒီဇင်ဘာ ၃၁ ။        ။ ငယ်ရွယ်စဉ် ဆယ်ကျော်သက်အရွယ်တုန်းက အိမ်ဖော်အမျိုးသမီးတစ်ဦးအား လက်နဲ့ မဖွယ်မရာ ပြုကျင့်ခဲ့ဖူးကြောင်း ထုတ်ဖော်ဝန်ခံခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး ယခုအခါ အပြင်းအထန် ဝေဖန်ခံနေရလျက် ရှိပါတယ်။

ခုလိုမျိုး ၎င်း ငယ်စဉ်တုန်းက ၎င်းတို့နေအိမ်မှာ အလုပ်လာလုပ်ခဲ့တဲ့ အိမ်ဖော်ကို ခုလိုမျိုး မဖွယ်မရာ လုပ်ခဲ့တဲ့ ဇာတ်ကြောင်းကို ဒူတာတေးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်က ပြန်ပြောင်း ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းရာ ရောက်သလို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ အားပေးအားမြှောက်ရာ ကျကြောင်း အမျိုးသမီး အခွင့်အရေး အဖွဲ့အစည်းတွေက ဒူတာတေးကို စွပ်စွဲ ဝေဖန်ခဲ့ကြပါတယ်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေးကတော့ ယခင်ကာလတွေကတည်းက အမျိုးသမီးတွေနဲ့ပတ်သက်လို့ အငြင်းပွားဖွယ် မတော်တလျော်စကားတွေ ပြောဆိုမှုကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ထားခဲ့ရပါသေးတယ်။

ယခု နောက်ဆုံး ထုတ်ပြောလာတဲ့ ပြောစကားတွေအရ သူ အထက်တန်းကျောင်းတက်စဉ်က ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးထံမှာ ဝန်ခံဖွင့်ဟခဲ့တဲ့ အကြောင်းအရာတစ်ခုကို ဒူတာတေးက အသေးစိတ်ပြန်ပြောပြခဲ့တာဖြစ်ပါတယ်။

သူ ငယ်တုန်းက သူ့အိမ်ဖော် နေတဲ့အခန်းထဲ ဝင်သွားပြီး အိပ်ပျော်နေခဲ့တဲ့ အိမ်ဖော်ကို ဘယ်လိုမျိုး မဖွယ်မရာ ပြုခဲ့တယ်ဆိုတာကို အသေးစိတ်ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။

“ အဲဒီတုန်းက ကျွန်တော် သူ (အိမ်ဖော်) ရဲ့ စောင်ကို လှန်လိုက်တယ်၊ ပြီးတော့ လက်နဲ့ ထိကိုင်ဖို့ လုပ်ခဲ့တယ်၊ ကျွန်တော် ထိခဲ့တယ်၊ အဲဒီအချိန်မှာ သူနိုးလာတယ်၊ ကျွန်တော် အခန်းထဲက ထွက်လာတယ်” လို့ ဒူတာတေးက ပြောပါတယ်။

ယင်းနောက် နောက်တစ်ကြိမ် အိမ်ဖော်အခန်းထဲ ပြန်သွားပြီး မဟားတရား လုပ်ဖို့ ကြိုးစားခဲ့သေးကြောင်း ခရစ်ယာန်ဘုန်းတော်ကြီးထံမှာ ဝန်ခံထားခဲ့ဟု ဒူတာတေးက ပြောသွားပါတယ်။
ခုလို ဒူတာတေးရဲ့ ပြောစကားတွေနဲ့ပတ်သက်လို့ အမျိုးသမီး အခွင့်အရေး နိုင်ငံရေးပါတီ Gabriela က ပြစ်တင်ရှုတ်ချသွားခဲ့ပြီး ဒါဟာ ၎င်းအနေနဲ့
အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ ထုတ်ဖော်ဝန်ခံခြင်းဖြစ်ကြောင်း စွပ်စွဲကာ ရာထူးကနေ နုတ်ထွက်ပေးဖို့ပါ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly